သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ရှေ့တွင် ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၅ နာရီခန့်က ဗုံးလန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် လူသွားလမ်း ပလက်ဖောင်းကြား မြက်ခင်းပြင်တွင် ဗုံးဟုယူဆရသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထည့်ကာ ပစ်ထားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ပြည်သူများထံမှ သိရသည်။“လူသွားလူလာတွေ ဖြတ်နေတယ်။ ကားလမ်းနဲ့လည်း နီးတော့ ပေါက်ကွဲသွားရင် အန္တရာယ် ရှိပါတယ်။ ကျွန်တော်တို့ရောက်တော့ တာယာကွင်းတွေ အုပ်ထားတာတွေ့တယ်။ အဲဒါတွေကို ဖယ်ပြီးတော့ ဖုန်းနဲ့ ဂက်စ်အိုး ဂျွိုင်းထားတာကို ဆွဲဖြုတ်လိုက်ပါတယ်။ ဂက်စ်အိုးက ပွင့်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော့်တပည့် တစ်ယောက်က မီးသတ်ဆေးဘူးကိုင်ပြီး အသင့်စောင့်နေတယ်။ တကယ်လို့ မီးတွေဘာတွေ လောင်ရင်ငြှိမ်းလို့ ရအောင်လို့ပါ” ဟု အဆိုပါ ဗုံးဟုယူဆရသော ပစ္စည်းများအား လာရောက် ရှင်းလင်းခဲ့သော သင်္ဃန်းကျွန်းမြို့နယ် အရန် မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးခင်မောင်ထွန်းက ပြောကြားသည်။အဆိုပါ ပစ္စည်းများကို မီးသတ်တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းပြီးနောက် အဆိုပါ ဂက်စ်အိုးနှင့် Nokia လက်ကိုင်ဖုန်းတို့ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ဂက်စ်အိုးမှာ ပေါက်ကွဲမှု ရှိနိုင် မရှိနိုင် သိရှိနိုင်ရန် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးချမ်းငြိမ်းနှင့် အဖွဲ့က စစ်ဆေးခဲ့ရာ ဂက်စ်အိုးနှင့် တွဲလျက်ရှိသည့် တယ်လီဖုန်းအား ဖုန်းခေါ်ဆိုလိုက်မည် ဆိုပါက ဆက်သွယ်ထားသော ဝိုင်ယာကြိုးနှစ်စမှ ပွင့်သော မီးစသည် ဂက်စ်ကိုသာ လောင်ကျွမ်းစေနိုင်ပြီး ပေါက်ကွဲမှု မရှိနိုင်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်စေနိုင်သည့် ဒီတိုနေတာယမ်းလည်း ပါဝင်ခြင်း မရှိ၍ ပေါက်ကွဲမှု မဖြစ်နိုင်ကြောင်းနှင့် ဝိုင်ယာကြိုးနှင့် ဖုန်းချိတ်ဆက်ထားသည့် ဗုံးအတုသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။