ရွှေအတု လိမ်လည်ရောင်းချမှုဖြင့် တရုတ်နိုင်ငံသားသုံးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

ရွှေအတု လိမ်လည်ရောင်းချမှုဖြင့် တရုတ်နိုင်ငံသားသုံးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်
Published 15 February 2016
ဓာတ်ပုံ - ပြည့်ဖြိုးအောင်

ရွှေအတု လိမ်လည်ရောင်းချမှုဖြင့် တရားစွဲဆိုထားသည့် တရုတ်နိုင်ငံသားသုံးဦးအား အလုံမြို့နယ် တရားရုံးက ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက် ) တွင် လိမ်လည်မှု၊ ပုဒ်မ ၄၂၀ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အလုံမြို့နယ်၊ ဆင်မင်းဈေးရှေ့တွင် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် YANG QUANFA (၅၉)နှစ်၊ နိုင်ငံကူးလက်မှတ် အမှတ် E-18376 810 နှင့် YANGHUIPING (၄၄)နှစ်၊ နိုင်ငံကူး လက်မှတ် အမှတ် E-3460 942 ကိုင်ဆောင်သူတို့ကို အမေရိကန်ဒေါ်လာ တစ်သိန်းခန့်၊ မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရာတွင် မြန်မာငွေများ၊ အမေရိကန်ငွေများနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိဘဲ အလုံမြို့နယ်အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရာမှ ရွှေအတုများ လိမ်လည်ရောင်းချ နေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ဟု ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ဆေးရာမှတစ်ဆင့် ကျန်တရုတ်နိုင်ငံသား တစ်ဦးဖြစ်သည့် ZHUHAIYUA (၄၃) နှစ် နိုင်ငံကူးလက်မှတ် အမှတ် (E-37117470) ကိုင်ဆောင်သူကို ကြည့်မြင်တိုင်မြို့နယ်ရှိ တည်ခိုခန်း တစ်ခုမှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကျန်ရှီးပြည်နယ်၊ လင့်ထရံမြို့နယ်၊ လွေ့ကျင်းမြို့၊ ချွမ်းထိုးရွာတွင် နေထိုင်သူများဖြစ်ကာ မြန်မာနိုင်ငံသို့ Business ဗီဇာဖြင့် ရောက်ရှိနေသူများ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent