ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား ကူညီရေး မျှဝေခြင်းစီမံချက် အကောင်အထည်ဖော်ရာတွင် ငွေကြေးကောက်ခံခွင့်၊ လက်ခံခွင့် လုံးဝမရှိကြောင်း NLD အလုပ်အမှုဆောင် အဆင့်ဆင့်သို့ အကြောင်းကြား

ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား ကူညီရေး မျှဝေခြင်းစီမံချက် အကောင်အထည်ဖော်ရာတွင် ငွေကြေးကောက်ခံခွင့်၊ လက်ခံခွင့် လုံးဝမရှိကြောင်း NLD အလုပ်အမှုဆောင် အဆင့်ဆင့်သို့ အကြောင်းကြား
Published 12 February 2016

ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူများကို ကူညီရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၃၀ ရက်က “ပြည်သူသို့ ပန်ကြားချက် မျှဝေခြင်း” အမည်ရှိ ပြန်ကြားချက် တစ်စောင်ကိုထုတ်ပြန်ခဲ့ရာ အဆိုပါ မျှဝေခြင်းစီမံချက်ကို အကောင်အထည်ဖော်ရာတွင်  ငွေကြေးကောက်ခံခွင့်၊ လက်ခံခွင့် လုံးဝမရှိကြောင်း မျှဝေခြင်း စီမံချက် ဗဟိုအကောင်အထည်ဖော်ရေးအဖွဲ့ က NLD အလုပ်အမှုဆောင် အဆင့်ဆင့်သို့ အသိပေးအကြောင်း ကြားထားကြောင်း သတင်းရရှိသည်။
မျှဝေခြင်းစီမံချက်ကို ကြီးကြပ်ဆောင်ရွက်ရန် NLD နာယကဦးတင်ဦးက ဦးဆောင်သည့် မျှဝေခြင်းစီမံချက် ဗဟိုအကောင်အထည်ဖော်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့၏ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ကျင်းပကာ ယခုကဲ့သို့ ငွေကြေးကောက်ခံခြင်း၊ လက်ခံခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျှဝေခြင်းစီမံချက် ဗဟို အကောင်အထည်ဖော်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုးညွန့်က “လောလောဆယ် ဆုံးဖြတ်ချက်အရတော့ ငွေလက်မခံဘူး။ ငါးနှစ်ကနေ ၁၅ နှစ်အထိကို ကျွန်တော်တို့ ကျောင်းသုံး အဝတ်အစားအသစ် လက်ခံမယ်။ လွယ်အိတ်၊ ကွန်ပါ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ အကုန်လုံးပေါ့ ။  သင်ရိုးညွှန်းတမ်း စာအုပ်တွေက သုံးလို့ရသေးရင်တော့ အဟောင်းလက်ခံမယ်။  အသစ်လည်း လက်ခံမယ်။ ငွေရေးကြေးရေးက အရှုပ်အရှင်း ရှိနိုင်တဲ့အတွက်ကြောင့် ငွေတော့ ကျွန်တော်တို့ လက်မခံပါဘူး။ လှူတဲ့သူများက ပစ္စည်းပဲလှူပေးပါ”ဟု ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးမှ အထူးသဖြင့်  ကျေးလက်တောရွာနှင့် မြို့ပေါ်ဆင်ခြေဖုံး ရပ်ကွက်များ၌ ပညာသင်ကြားနေကြသော ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူ များအတွက် လိုအပ်သည့် ကျောင်းသုံးဗလာစာအုပ်များ၊ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ကျောင်းဝတ်စုံများကို ကူညီထောက်ပံ့ပေးရန်၊ ပြည်သူများက ဗလာစာအုပ်များ၊ သင်ရိုးညွှန်းတမ်းစာအုပ်များ (သူငယ်တန်းမှ ၁၀ တန်းအထိ)၊ ကျောင်းဝတ်စုံများ ( အသက် ငါးနှစ်မှ ၁၅ နှစ်အရွယ်အထိ) တို့ကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တတ်နိုင်သလောက် လှူဒါန်းပေးစေလိုပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ ပန်ကြားထားရာ အလှူရှင်အချို့က ငွေကြေးလာရောက်လှူ ဒါန်းမှုများ ရှိကြောင်း သိရသည်။
“အဖွဲ့ချုပ်ကို အားပါးတရ လာလှူကြတယ်ဗျ။ သိန်းတစ်ရာတို့ နှစ်ရာတို့။ ကျွန်တော်တို့က ငွေလက်မခံတဲ့အခါကျတော့ သူတို့က ပြန်သွားရတာမျိုးရှိတယ်။ နောက်တစ်ခါ တချို့လည်း သုံးလေးသိန်း လာလှူတဲ့သူရှိတယ်။ လက်မခံဘူးဆိုတော့ ပြန်သွားရတာတွေရှိတယ်။ အဲဒါတွေ အဆင်ပြေနိုင်အောင်တော့ နည်းနည်းလေးတော့ တစ်မျိုးတစ်ဖုံ စဉ်းစားနေတယ်”ဟု ဦးစိုးညွန့်က ဆိုသည်။
ကျောင်းသုံးဗလာစာအုပ်များ၊ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ကျောင်းဝတ်စုံများကို တစ်နိုင်ငံလုံးရှိ နီးစပ်ရာမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများသို့ ပေးပို့လှူဒါန်းကြပါရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။
မြို့နယ်အဆင့်တွင် NLD အဖွဲ့ဝင်များ က မိမိမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များ ကျေးရွာများတွင် မျှဝေခြင်းစီမံချက်ကို ပြည်သူလူထုအား အသိပေးခြင်းနှင့် ချို့တဲ့ကျောင်းသား ကျောင်းသူများ စာရင်းကို အသက်၊ ကျား/မ၊ နောင်နှစ်တွင် တက်မည့်အတန်း၊ နေရပ်လိပ်စာ စသဖြင့် အတိအကျကောက်ယူခြင်းကို  ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများသို့ ပန်ကြားချက် ထွက်သည့်နေ့မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာများမှ ချို့တဲ့ ကျောင်းသားကျောင်းသူများစာရင်းကို  ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အတွင်း မြို့နယ်ရုံးများသို့ လည်းကောင်း ထိုမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌများထံသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
စာရင်းကောက်ယူခြင်းပြုလုပ်ရာတွင် စာသင်ကျောင်းများ၏ ကျောင်းချိန်အတွင်း လုံးဝမပြုလုပ်ရန်နှင့် ကျောင်းပရိဝုဏ်များအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကောက်ခံခြင်း မပြုလုပ်ရန်လည်း သတိပေးထားသည်။
မြို့နယ် NLD မှရရှိသော လှူဒါန်းပစ္စည်းများကို မိမိမြို့နယ်၏ ရပ်ကွက်ကျေးရွာများရှိ  ချို့တဲ့ကျောင်းသူကျောင်းသားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံဝေငှခြင်းကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၃၁ ရက်အတွင်း ဆောင်ရွက်ရန်လည်း NLd က ညွှန်ကြားထားသည်။
လက်ခံရရှိသော လှူဒါန်းပစ္စည်းများကို ပိုမိုလိုအပ်သော မြို့နယ်များသို့ ခွဲဝေပေးနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD က ရွေးချယ်ခံခဲ့ရခြင်းမရှိခဲ့သော မြို့နယ်များတွင် “မျှဝေခြင်း”စီမံချက်ကို ပိုမိုအလေးထားဆောင်ရွက်ကာ NLD ၏ မခွဲခြားသော သဘောထားကိုပြသရန် NLD က ညွှန်ကြားထားသည်။

Most Read

Most Recent