ကျောက်မဲမြို့ပေါ်သို့ စစ်ဘေးဒုက္ခသည်များ ဆက်လက်ရောက်ရှိလာပြီး လမ်းပိုင်းအချို့ ပိတ်ဆို့နေသဖြင့် သွားလာရေးအခက်အခဲ ဖြစ်နေ

ကျောက်မဲမြို့ပေါ်သို့ စစ်ဘေးဒုက္ခသည်များ ဆက်လက်ရောက်ရှိလာပြီး လမ်းပိုင်းအချို့ ပိတ်ဆို့နေသဖြင့် သွားလာရေးအခက်အခဲ ဖြစ်နေ
Published 11 February 2016

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသာ တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်သို့ ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက စစ်ဘေးဒုက္ခသည်များ ဆက်လက်ရောက်ရှိလာပြီး လမ်းပိုင်းအချို့ ပိတ်ဆို့ထားရှိမှုများ ရှိနေသဖြင့် သွားလာရေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ကျောက်မဲခရိုင်အတွင်း တော့ဆန်နှင့် မိုင်းဝီးမြို့ရှိ နေရာသုံးနေရာတွင် တအာင်း (ပလောင်) TNLA နှင့် RCSS လက်နက်ကိုင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွာခဲ့ခြင်းကြောင့် အနီးဝန်းကျင်ရှိပန်စံ၊ တော့ဆန်ဒေသခံများအနေဖြင့် ကျောက်မဲမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် စစ်ဘေးတိမ်းရှောင်ရောက်ရှိနေကြောင်း သိရသည်။“လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ကျောက်မဲမြို့မှာရှိတဲ့ ဝေဠုဝန်၊ ငြိမ်းချမ်းရေးကုန်းကျောင်းတိုက်နဲ့ နမ့်စလင်းကျောင်းတိုက်တွေမှာ စစ်ဘေးဒုက္ခသည်တွေ ရောက်နေကြတယ်။ အရင်ရက်ကတော့ ရောက်လာတဲ့သူတွေ ကား ၁၃ စီးလောက်ရှိတယ်။ မနေ့ညက (ဖေဖော်ဝါရီ ၁၀) ထပ်ပြီးတော့ ကားရှစ်စီးလောက် ရောက်လာတယ်။ အခုလောလောဆယ် မိုးကုတ်-ကျောက်မဲ ကတ္တရာလမ်းကို ပလောင်အဖွဲ့အစည်းတွေက ပိတ်ထားတော့ ကူညီကယ်ဆယ်ရေး လုပ်ဖို့အတွက် သွားလာဖို့ ခက်ခဲနေတယ်။ တချို့ကျေးရွာတွေဆိုရင် ဖုန်းအဆက်အသွယ် မရတော့ဘူး” ဟု ကျောက်မဲမြို့ပေါ်သို့ ရောက်ရှိလာသော စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ရေး လုပ်ကိုင်ပေးနေသူ ဒေါ်အေးနော်က ပြောကြားသည်။လက်ရှိတွင် ကျောက်မဲမြို့ ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိလာသော စစ်ဘေးဒုက္ခသည်ဦးရေ စုစုပေါင်း ၃၀၀ နီးပါးခန့်ရှိပြီး မိုင်းဝီးနှင့် ပန်စံစသည့် ဒေသများတွင်လည်း စစ်ဘေးရှောင်ဒုက္ခသည်များ ရောက်ရှိလျက်ရှိကြောင်း၊ အချို့ဒေသခံများမှာ စစ်ဘေးဒုက္ခသည်စခန်းများသို့ ရောက်ရှိလာနိုင်ခြင်း မရှိဘဲ နီးစပ်ရာ အန္တရာယ်ကင်းသည့် လယ်ယာ၊ ခြံမြေများတွင် ပုန်းအောင်းတိမ်း ရှောင်နေခြင်းများလည်း ရှိကြောင်း စစ်ဘေးဒုက္ခသည် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။“တချို့လမ်းတွေပိတ်ထားတဲ့အတွက် ကျောက်မဲမြို့ပေါ်ကို ပန်စံနဲ့ တော့ဆန်က ဒေသခံတွေလောက်ပဲ ရောက်လာနိုင်တယ်။ တခြားရွာတွေကျတော့ ဒီဘက်ကို မလာနိုင်ကြတဲ့အတွက် နီးစပ်ရာ အမျိုးတွေဆီ၊ ကျေးရွာတွေမှာ ကပ်နေကြရတယ်။ လမ်းပိတ်တာကတော့ နှစ်ရက်လောက်ရှိပြီလို့သိရတယ်”ဟု စစ်ဘေးတိမ်းရှောင်လာသူ ဒေသခံတိုင်းရင်းသူ တစ်ဦးက ပြောကြားသည်။စစ်ဘေးတိမ်းရှောင်လာသူ အများစုမှာ အသက်အန္တရာယ် လွတ်မြောက်ရေးအတွက် အလျင်အမြန် ထွက်ပြေးတိမ်းရှောင်လာရခြင်းကြောင့် စားဝတ်နေရေးအတွက် လိုအပ်ချက်များစွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကျောက်မဲမြို့ပေါ်သို့ ရောက်ရှိလာသော စစ်ဘေးရှောင်များကို လက်ရှိတွင် မြို့နေလူထုမှ ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိပြီး အခြားဒေသမှ အဖွဲ့အစည်းများအနေဖြင့် လာရောက်ကူညီမှု မရှိသေးကြောင်း မြို့ခံကူညီထောက်ပံ့မှု ပြုလုပ်နေသူများထံမှ သိရသည်။ 

Most Read

Most Recent