ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် သုံးခုတွင် ဖေဖော်ဝါရီ ၈ ရက်က WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၃ နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၈)ရပ်ကွက်၌ နေထိုင်သည့် ကျော်ဝင်းမြင့် နေအိမ်အရှေ့ခန်းတွင် မှိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ စီပါ သုံးထုပ်၊ ဆေးပြား ၁၉၈ ပြားပါ တစ်ထုပ်၊ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၆၀၊ အကျိုးအကြေ ငါးဂရမ်ခန့် စုစုပေါင်းငွေကျပ် ၄,၅၄၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးရောင်းချရ ငွေကျပ် ၅၀၀၀၀ နှင့် အခြားပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထိုသို့ ဖမ်းဆီးရမိခဲ့သည့် ကျော်ဝင်းမြင့်အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မ ရဲစခန်းမှ မယ(ပ) ၃/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။“ဖေဖော်ဝါရီ ၈ ရက် တစ်ရက်တည်းမှာပဲ မြို့နယ်သုံးခုမှာ မူးယစ်ရဲတပ်ဖွဲ့တွေနဲ့ နယ်မြေရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတွေနဲ့ ကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒဂုံတောင်မှာ ဖမ်းဆီးခဲ့တဲ့ စိတ်ကြွဆေးဝါးဆိုရင် မန္တလေးမှာ ဖမ်းမိထားတဲ့ အမျိုးသားရဲ့ ကွင်းဆက်အနေနဲ့ ထပ်မံဖမ်းမိတာပါ။ ရဲတပ်ဖွဲ့ အနေနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်ဖြန့်ဖြူးသူတွေကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးတာမျိုးတွေ၊ အသွင်ယူ စောင့်ကြည့် ဖမ်းဆီးတာမျိုးတွေ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ဆိုသည်။ထို့ပြင် ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက် သစ္စာလမ်းမပေါ်၌ ဖေဖော်ဝါရီ ၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကင်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ မော်တော်ယာဉ်များအား ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် Mark II အငှားယာဉ်ပေါ်တွင် ဂီယာတံအနီး အံခွက်အတွင်းတွင် ထည့်ထားသည့် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ ပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြား၊ အပြာနုရောင် အိတ်အတွင်းမှ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြား စုစုပေါင်း ၂၈၂ ပြား တန်ဖိုးငွေ စုစုပေါင်း ငွေကျပ် ၁,၄၁၀,၀၀၀ နှင့် အခြားသက်သေခံ ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။အဆိုပါ ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ ဒဂုံမြောက်မြို့နယ်နေ ဘီလူး(ခ)အောင်သူဖြိုးနှင့် တာမွေမြို့နယ်နေ မပွင့်သီရိပိုင်တို့အား ရန်ကင်းမြို့မ ရဲစခန်းမှ မယ(ပ) ၄/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်သုံးခုတွင် တစ်ရက်တည်း စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ