တရားစွဲခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် ရုံးချိန်းသို့ လာရောက်ရန် ထပ်မံပျက်ကွက်သော်လည်း တရားလိုပြသက်သေ ဒုရဲမှူးကို စစ်ဆေးခဲ့

တရားစွဲခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် ရုံးချိန်းသို့ လာရောက်ရန် ထပ်မံပျက်ကွက်သော်လည်း တရားလိုပြသက်သေ ဒုရဲမှူးကို စစ်ဆေးခဲ့
Published 8 February 2016

ညစ်ညမ်းစာပေများ ဖြန့်ဝေကြော်ငြာခြင်းနှင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသခြင်းတို့ကြောင့် တရားစွဲခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် ဖေဖော်ဝါရီ ၈ ရက် ရုံးချိန်းတွင်လည်း လာရောက်ခြင်းမရှိဘဲ ခွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ သို့သော် စွပ်စွဲခံရသူ ဒေါ်နန်းလှစိန် လာရောက်ခြင်း မရှိသော်လည်း တရားလိုသက်သေ ဒုရဲမှူးကျော်သာဦးကို တရားခွင်တွင် နှစ်ဖက်ရှေ့နေများမှ စစ်ဆေးခဲ့ကြောင်း သိရသည်။“စွပ်စွဲခံရသူ ဒေါ်နန်းလှစိန်အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ဒေါ်နန်းလှစိန် ကျန်းမာရေး မကောင်းတဲ့အတွက် ခွင့်တိုင်ကြားခဲ့ပါတယ်။ နောက်ပြီး သူမကိုယ်စား ရှေ့နေကပဲ အားလုံးဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့အကြောင်း လျှောက်ထားတာရော၊ အမှုကလည်း အရမ်းကြာနေလို့ စွပ်စွဲခံရသူမပါဘဲ ဒီနေ့တရားလိုကို စစ်ဆေးလိုက်ခြင်း ဖြစ်ပါတယ်” ဟု အမှုစစ်ဆေးခဲ့ခြင်းနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးစိန်ကြည်က ဆိုသည်။ထိုနေ့ရုံးချိန်းတွင် တရားလိုသက်သေ တစ်ဦးဖြစ်သူ အမှတ် (၈) စခန်းမှူး ဒုရဲမှူး ကျော်သာဦးကို နှစ်ဖက်ရှေ့နေများက စစ်ဆေးမေးမြန်းခဲ့ကြသည်။ တော်ဝင်နှင်းဆီ ဆေးရုံတတိယအလွှာတွင် Health News အထူးကုဆေးခန်း အမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသနေခြင်း၊ ညစ်ညမ်းစာ၊ ညစ်ညမ်းဓာတ်ပုံများပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများ ပတ်သက်၍ ၂၀၁၅ ခုနှစ်ဇန်နဝါရီလက အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ ဆေးရုံပိုင်ရှင်ဖြစ်သော ဂရိတ်ဝေါလ် ဦးတင်မောင် (ခ) လီစန်းရှင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့ကိုပါ ထည့်သွင်းတရားစွဲဆိုခဲ့သော်လည်း ဇွန် ၃ ရက်က တရားခံပြေးအဖြစ် ကြေညာရာတွင် တရုတ်နိုင်ငံသားများနှင့် ဒေါ်နန်းလှစိန်သာ ပါဝင်ခဲ့ပြီး ဦးတင်မောင်မှာ မပါဝင်တော့ဘဲ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်။ဒေါ်နန်းလှစိန်ကိုလည်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၂(က)/၁၀၉ ကျင့် ၅၁၂ ဖြင့်သာ တရားခံပြေးအဖြစ် ကြေညာခဲ့ပြီး၊ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ၃၅/ ကျင့် ၅၁၂ ဖြင့် တရားစွဲဆိုထားမှုတွင် ဦးတင်မောင်နှင့်အတူ မပါဝင်ခဲ့ပေ။ ဒေါ်နန်းလှစိန်မှာ တရားရုံးသို့ လာရောက်သည့်နေ့မှာပင် ချက်ချင်း အချုပ်လွတ် ထုချေခွင့် အာမခံပေးခဲ့ပြီး ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်ခွင့် အာမခံကို ထပ်မံလျှောက်ထားခဲ့ရာ ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ပယ်ချခဲ့သည်။ ဆက်လက်၍ ခရိုင်တရားရုံးကို အယူခံထပ်မံဝင်ခဲ့ရာ ခရိုင်မှလည်း ပယ်ချခဲ့ပြီး မြို့နယ်တရားရုံးသို့ အမှုတွဲပြန်လည် ချထားပေးခဲ့ရာတွင် ၎င်းပိုင်ဆိုင်သော နန်းတော်ဆေးရုံ ဆေးစာဖြင့် ကျန်းမာရေး မကောင်းသောကြောင့် ရုံးချိန်းနှစ်ပတ် ခွင့်ယူခဲ့ကြောင်း၊ ထပ်မံ၍ ရုံးချိန်းလာရောက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သဖြင့် အာမခံပေးထားသူများကို ပြန်လည်ဆင့်ခေါ်ခဲ့ရကြောင်း၊ နောက်ဆုံးတွင် တိုင်းတရားရုံးသို့ ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်၍ ထုချေခွင့်ကိုလည်း ပယ်ချခဲ့ရာ မြို့နယ်တရားရုံး၏ ဇန်နဝါရီ ၈ ရက်ရုံးချိန်းတွင်လည်း လာရောက်ခဲ့ခြင်း မရှိပေ။ ကျန်းမာရေး မကောင်းသဖြင့် ခွင့်တိုင်ကြားခဲ့ပြီး ၂၅ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ရာ မလာရောက်ခဲ့ဘဲ ဖေဖော်ဝါရီ ၈ ရက်သို့ချိန်းဆိုခဲ့ပြီး ထပ်မံပျက်ကွက်ခဲ့သည်။ဝင်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်မှုများ၊ စည်းကြပ်မှု ခံယူရန် ပျက်ကွက်မှုများအတွက် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇ ပုဒ်မခွဲ (ဂ) အရ ဆက်လက်အရေးယူနိုင်ရန် အခွန်ဆိုင်ရာ ဥပဒေများ လိုက်နာရန် ပျက်ကွက်သူ စီးတီးမန်းကုမ္ပဏီ ကိုယ်စားကုမ္ပဏီ၏ တာဝန်ရှိသူ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင် (ခ) လီစန်းရှင်နှင့် ဇနီးဖြစ်သူ ဒါရိုက်တာ အဖွဲ့ဝင် ဒေါ်နန်းလှစိန်တို့ကို အရေးယူပေးရန် မြို့နယ်အခွန်ဦးစီးမှူး ဦးမင်းနွယ်က တိုင်တန်း၍ ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ)၃၉၄/၂၀၁၅၊ ၁၉၄၇ခုနှစ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄၇(ဂ) ဖြင့်လည်း အမှုဖွင့်ထားကြောင်း သိရသည်။                  

Most Read

Most Recent