သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးကို သံရုံးအထူးအဖွဲ့ ထောင်ဝင်စာ သွားရောက်တွေ့ခဲ့ပြီး အယူခံ တက်ရောက်ရေး ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာသံံရုံး အထူးအဖွဲ့တို့ ယနေ့ ထပ်မံ ဆွေးနွေးမည်

သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးကို သံရုံးအထူးအဖွဲ့ ထောင်ဝင်စာ သွားရောက်တွေ့ခဲ့ပြီး အယူခံ တက်ရောက်ရေး ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာသံံရုံး အထူးအဖွဲ့တို့ ယနေ့ ထပ်မံ ဆွေးနွေးမည်
Published 4 February 2016
ဉာဏ်ဝင်းရှိန်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦး အမှု အယူခံတက်ရောက်ရန်အတွက် ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံး အထူးအဖွဲ့တို့ ဖေဖော်ဝါရီ ၅ ရက်တွင် အသေးစိတ် ထပ်မံ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘန်ခဝန်အကျဉ်းထောင်ရှိ မြန်မာလုပ်သားနှစ်ဦးကို မြန်မာသံရုံးအထူးအဖွဲ့မှ ဖေဖော်ဝါရီ ၄ ရက်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း၊ သံခြေချင်းများကိုလည်း ခတ်ခြင်း မရှိတော့ဘဲ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်ရရှိကြောင်းနှင့် အဆောင်တစ်ဆောင်စီတွင် ခွဲထားကြောင်း သံရုံးအထူးအဖွဲ့မှ  ရှေ့နေဦးအောင်မျိုးသန့်က ပြောကြားသည်။
ဦးအောင်မျိုးသန့်က “ကလေးတွေက ကျန်းမာရေးကောင်းပါတယ်။ သံခြေချင်းလည်း မခတ်တော့ပါဘူး။ နောက်ပြီး သူတို့နေတဲ့ အဆောင်ကတစ်ယောက်ကို တစ်ဆောင်စီပေါ့။ တစ်ယောက်က အဆောင် ၂၅၊ တစ်ယောက်က ၂၆ မှာပါ။ တစ်ဆောင်စီ ကိုယ့်အခန်းနဲ့ကိုယ် နေရပါတယ်။ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထောင်ဝင်စာ တွေ့လို့ ရပါတယ်” ဟု ပြောကြားသည်။
ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို သေဒဏ် ချမှတ်ပြီးနောက် ကော့စမွီအကျဉ်းထောင်မှတစ်ဆင့် အလှမ်းဝေးသည့် နေခါန်စီဌာမရတ် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သဖြင့် မြန်မာသံရုံးအထူးအဖွဲ့နှင့် ထိုင်းရှေ့နေများကောင်စီတို့မှ ဘန်ကောက်မြို့အနီးရှိ ထောင်သို့ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်က ထိုင်းအာဏာပိုင်များက ဘန်ကောက်မြို့အနီးရှိ ဘန်ခဝန် အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်။
နာမည်ကျော်ကြားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် ပြစ်မှုထင်ရှားခြင်း မရှိသော်လည်း သေဒဏ်ချမှတ်ခံထားရသည့် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အတွက် အယူခံတက်ရောက်ရန် ဥပဒေရေးရာကိစ္စများကို ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံး အထူးအဖွဲ့တို့ အသေးစိတ် ထပ်မံဆွေးနွေးမည် ဖြစ်ပြီး ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို ထိုင်းငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် နေပြည်တော်ရှိ ဥပဒေအကြံပေး အရာရှိများထံသို့ ပေးပို့ပြီးနောက် အယူခံ တက်ရောက်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောကြားသည်။
၎င်းက“အယူခံ တက်ရောက်ရေးအတွက် မနက်ဖြန်မှာ ထိုင်းရှေ့နေများ ကောင်စီနဲ့ ကျွန်တော်တို့ အစည်းအဝေး လုပ်ပါမယ်။ အဲဒီကနေ ဆုံးဖြတ်ချက်ချပြီး သံရုံးကို ပို့ပါမယ်။ သံရုံးကနေပြီးတော့ နေပြည်တော်မှာရှိတဲ့ ဥပဒေအကြံပေးတွေနဲ့ ပူးပေါင်း စဉ်းစားပြီးတော့မှ အယူခံကိုတင်မှာပါ” ဟု ဖေဖော်ဝါရီ ၄ ရက်က ပြောကြားသည်။ ထို့သို့ မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ် ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှု မရှိဟုဆိုကာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ မြန်မာများက ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။                     

Most Read

Most Recent