ထောင်ဒဏ် ငါးနှစ်ကျော် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ၂၀၁၄ ခုနှစ်က ဖွင့်ထားသည့် ပုဒ်မ ၁၈ ဖြင့် ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ထပ်မံတရားစွဲ

ထောင်ဒဏ် ငါးနှစ်ကျော် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ၂၀၁၄ ခုနှစ်က ဖွင့်ထားသည့် ပုဒ်မ ၁၈ ဖြင့် ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ထပ်မံတရားစွဲ
Published 3 February 2016
ဝေလင်းအောင်၊ မြင့်သူ

လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံးအသီးသီးမှ ထောင်ဒဏ် ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၃ ရက်က ရုံးထုတ်ခဲ့သည်။ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးသူနှင့် ကိုစည်သူတို့ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး (၂၆) နှစ်ပြည့် အရေးတော်ပုံလမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ယခုကဲ့သို့ ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ငြိမ်းစုစီ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ရှစ်လေးလုံး အရေးတော်ပုံ လမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့တဲ့သူတွေ အများကြီးပဲ။ အဲဒီထဲမှာမှ အန်တီတို့ကို ရွေးပြီး တရားစွဲထားတယ်။ အဓိကတော့ အန်တီတို့ကို မလွတ်စေချင်လို့ အမှုဟောင်းတွေ ထပ်စွဲတယ်လို့ ထင်တယ်။ ပြီးတော့ အဲဒီတုန်းက ဗိုလ်တထောင်မြို့နယ်ထဲကို မဖြတ်ခဲ့ပါဘူး”ဟု ဒေါ်နော်အုန်းလှက ပြောကြားသည်။ယင်းနေ့တွင် အမှုအား မစစ်ဆေးဖြစ်ခဲ့ဘဲ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်တွင် အမှုအား စတင်စစ်ဆေးမည်ဖြစ်ပြီး ၎င်းတို့အနက် ကိုစည်သူမှာ လွတ်မြောက်နေကြောင်း သိရသည်။ထို့ပြင် ၎င်းတို့ လေးဦးအား မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးနှင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတို့အပြင် တာမွေမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ကျောက်တံတားမြို့နယ် တရားရုံးတို့တွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုဖွယ်ရှိကြောင်း စွပ်စွဲခံရသူများထံမှ သိရသည်။၂၀၁၅ ခုနှစ် မေ ၁၅ ရက်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုအား ဖော်ထုတ်ပေးရန် ကျောက်တံတားမြို့နယ်မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့်  မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ကိုတင်ထွဋ်ပိုင်အား အလုပ် နှင့်ထောင်ဒဏ် ငါးနှစ်ကျော်နှင့် ဒေါ်နော်အုန်းလှအား ထောင်ဒဏ်ခြောက်နှစ်ကျော် ချမှတ်ထားသည်။သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း မကုန်မီကာလအတွင်း ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးသပိတ်မှောက်ဆန္ဒပြတောင်းဆိုမှုဖြင့် မြို့နယ်တရားရုံးအသီးသီးတွင် တရားစွဲဆိုခံထားရသည့် ကျောင်းသားခေါင်းဆောင်များအား အမှုဟောင်းများဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ခြင်းကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်လျက်ရှိသည်။ 

Most Read

Most Recent