ရန်ကုန်မြို့ရှိ အိမ်ရာမဲ့များအတွက် ရည်ရွယ်သည့် အငှားအိမ်ရာစီမံကိန်းကို တစ်လ ကျပ် ၃၀၀၀၀ ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်လျှောက်ထားခွင့်ပြုမည်

ရန်ကုန်မြို့ရှိ အိမ်ရာမဲ့များအတွက် ရည်ရွယ်သည့် အငှားအိမ်ရာစီမံကိန်းကို တစ်လ ကျပ် ၃၀၀၀၀ ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်လျှောက်ထားခွင့်ပြုမည်
Published 29 January 2016
ကျော်ထင်

ရန်ကုန်မြို့ရှိ အိမ်ရာမဲ့များအတွက် ရည်ရွယ်သည့် အငှားအိမ်ရာစီမံကိန်းကို တစ်လလျှင် ကျပ်သုံးသောင်းဖြင့် ငှားရမ်းမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှ စတင်လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အထိ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင် လျှောက်လွှာပုံစံများကို ကပ်၍ ကြေညာပေးသွားမည်ဖြစ်ပြီး ယင်းပုံစံကို နမူနာယူကာ ရေးသားလျှောက်ထားနိုင်ကြောင်း သိရသည်။“လျှာက်လွှာမရောင်းပါဘူး။ လျှောက်လွှာ ပုံစံနမူနာကို သက်ဆိုင်ရာမြို့နယ် ထွေအုပ်ရုံးတွေမှာ နမူနာကပ်ပေးသွားမယ်။ အဲဒီပုံစံကိုကြည့်ပြီး လျှောက်ထားရုံပဲ။ တစ်လကို ကျပ်သုံးသောင်းနဲ့ ငှားမှာပါ။ ဖေဖော်ဝါရီ ၁ ရက်က စတင်လျှောက်ထားခွင့် ပြုပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။ယင်းအိမ်ရာတွင် အခန်းပေါင်း ၁၂၀၀ ခန့် ပါဝင်မည်ဖြစ်ပြီး လျှောက်ထားသူ အရေအတွက်မှာ ငှားရမ်းနိုင်သည့် အခန်းအရေအတွက်ထက် များပြားနေပါက မဲနှိုက်သည့်စနစ်ဖြင့် အငှားချထားပေးသွားမည်ဟု သိရသည်။ယင်းအိမ်ရာကို မိသားတစ်စုလျှင် တစ်ဦးနှုန်းသာ လျှောက်ထားခွင့်ပြုမည်ဖြစ်ပြီး မြေကွက်/နေအိမ်ခန်းပိုင်ဆိုင်မှု မရှိကြောင်း ကိုယ်တိုင်ခံဝန်ချက်၊ သက်ဆိုင်ရာရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူး၏ မြေကွက်/နေအိမ်ခန်းပိုင်ဆိုင်မှုမရှိကြောင်း ထောက်ခံချက်၊ နိုင်ငံဝန်ထမ်းဖြစ်ပါက ဌာနအကြီးအကဲ၏မြေကွက်/နေအိမ် ပိုင်ဆိုင်မှုမရှိကြောင်း ထောက်ခံချက်များဖြင့် ပူးတွဲလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။အဆိုပါအိမ်ရာကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေ စာရင်းဖြင့် နေထိုင်သူများသာ လျှောက်ထားခွင့် ပြုမည်ဖြစ်ပြီး ငှားရမ်းနေထိုင်ခွင့် ရရှိပါက တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်း၊ အခြားသူတစ်ဦးထံသို့ နည်းလမ်းတစ်ခုခုဖြင့် လွှဲပြောင်းပေးခြင်းမပြုရဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ထားသည်။ယင်းအိမ်ရာကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အမှတ် ၂ လမ်းမကြီးနှင့် မဟာဗန္ဓု လလမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧက ပေါ်တွင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး အဆိုပါအိမ်ရာရှိ အခန်းတစ်ခန်းလျှင် အိပ်ခန်းတစ်ခု၊ အိမ်သာရေချိုးခန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ အကျယ်အဝန်းအားဖြင့် ၅၆၉ ဒသမ ၅ စတုရန်းပေရှိမည်ဖြစ်ပြီး မဟာဗန္ဓုလ အငှားအိမ်ရာစီမံကိန်းဟု အမည်ပေးထားကြောင်း သိရသည်။ယင်းအိမ်ရာ တည်ဆောက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ငွေကျပ် ၂၀ ဘီလျံချထားပေးခဲ့ပြီးဖြစ်သည်။ သို့သော် ယခုတည်ဆောက်မည့် အိမ်ရာအခန်းပေါင်း ၁၂၀၀ သည် ရန်ကုန်မြို့တွင် အိမ်မပိုင်ဆိုင်သေးသူ ဦးရေနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးနေပြီး လုံလောက်မှုရှိနိုင်မည် မဟုတ်ကြောင်းနှင့် အမှန်တကယ် လိုအပ်နေသူများ ငှားရမ်းခွင့်ရရှိရန် အရေးကြီးသည်ဟု သုံးသပ်နေကြသည်။ 

Most Read

Most Recent