ယုံကြည်မှုများ တည်ဆောက်ကြပါ

ယုံကြည်မှုများ တည်ဆောက်ကြပါ
Published 28 January 2016
သဲသီရိကျော်

‘ယုံကြည်မှု’ ဆိုတာ လူတစ်ယောက်ရဲ့ ဘဝရပ်တည်မှုမှာ မရှိမဖြစ် လိုအပ်တဲ့ အရေးပါတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ယုံကြည်မှုဆိုတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းနဲ့ တခြားသူ၊ တခြားအရာတွေအပေါ် ယုံကြည်မှု ထားရှိခြင်းဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စား ရှိပါတယ်။ ယုံကြည်မှုဆိုတာက မျှော်လင့်တာနဲ့ စကားလုံးချင်းလည်း မတူသလို အဓိပ္ပာယ်ချင်းလည်း အရမ်းကို ကွာခြားလွန်းပါတယ်။ ယုံကြည်မှုဆိုတဲ့ စကားလုံးမှာတင် ခွန်အားတွေ၊ နက်ရှိုင်းမှု တွေ၊ တိကျသေချာမှုတွေ၊ အားမာန်တွေစတဲ့ အရည်အသွေးတွေ အများကြီး ရှိနေတာပါ။ ယုံကြည်မှုရှိတယ်ဆိုတာ သေချာပိုင်နိုင်တဲ့ အဓိပ္ပာယ်တစ်ခုကို ဖော်ဆောင်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် တစ်စုံတစ်ရာကို ဖြစ်လာလိမ့်နိုးနိုးနဲ့ မျှော်လင့်နေတာမျိုး မဟုတ်ဘဲ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ပိုင်နိုင်တဲ့ ရဲရင့်ပြတ်သားမှု စိတ်ဓာတ်မျိုးပဲ ဖြစ်ပါတယ်။
စာရေးသူက မကြာသေးမီ လပိုင်းလောက်က မျက်မမြင်ကျောင်းတစ်ခုကို သွားရောက်ဖြစ်ခဲ့ပါတယ်။ အဓိကကတော့ အဲဒီကျောင်းမှာ ရှိနေတဲ့ မျက်မမြင်လေးတွေရဲ့ ဘဝအကြောင်း၊ သူတို့အပေါ် ပတ်ဝန်းကျင် လူတွေရဲ့ ကဲ့ရဲ့ဝေဖန်မှု၊ ဘေးဖယ်ထားမှု၊ နေရာမပေးမှုတွေ၊ သူတို့ဘဝရဲ့ အားနည်းချက်တွေကြောင့် သူတို့ရင်ထဲမှာ ဖြစ်တည်နေရတဲ့ စိတ်ခံစားမှုတွေအကြောင်းကို တခြားသူတွေ ကိုယ်ချင်းစာနာ နားလည်ပြီး သူတို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးလာကြဖို့ သူတို့တွေကိုလည်း ပစ်ပယ်မထားဘဲ ဝိုင်းဝန်းဖေးမ လာကြဖို့အတွက် သူတို့ဘ၀ ဖြတ်သန်းမှုတွေကို တွေ့ဆုံမေးမြန်း လေ့လာပြီး ရေးသားဖို့ အတွက် သွားရောက်ဖြစ်ခဲ့တာပါ။ အဲဒီမျက်မမြင်ကျောင်းကို ရောက်တဲ့ အချိန်မှာ မျက်မမြင်ကျောင်းသူ၊ ကျောင်းသားလေးတွေနဲ့ စကားပြောဖြစ်ပါတယ်။ အတော်များများက သူတို့ဘဝရဲ့ အားနည်းချက်အပေါ် ခံစားချက်သိပ်မထားဘဲ သူတို့လုပ်စရာရှိတာကို ပုံမှန်အတိုင်း အေးဆေးစွာ လုပ်ဆောင်နေကြပါတယ်။ မေးသမျှကိုလည်း တည်ငြိမ်စွာနဲ့ ဖြေကြားပေးကြတယ်။ အဲဒီအမြင်အာရုံ ချို့ယွင်းနေသူတွေထဲမှာမှ အထက်တန်း ပညာအောင်မြင်ပြီးလို့ တက္ကသိုလ် တက်ရောက်နေတဲ့ သူတွေလည်း ရှိနေတာကို သိရပါတယ်။ အဲဒီတက္ကသိုလ်တက်နေတဲ့ ကျောင်းသူလေးက သူ့ဘဝဖြတ်သန်းမှု၊ သူ့ကြိုးစား အားထုတ်မှုတွေ အကြောင်းကို သူ့ကိုယ်သူ သိမ်ငယ်နေတဲ့ပုံစံ အလျှင်းမရှိဘဲ ယုံကြည်မှုအပြည့်နဲ့ ပြောပြတဲ့အခါ သူပြောနေတဲ့ စကားလုံးတွေ၊ သူ့ရဲ့အားနည်းချက်အပေါ် လျစ်လျူရှုပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိတဲ့ ဟန်ပန်နဲ့ ပြောဆိုနေတာကို ကြည့်ပြီး စာရေးသူက တောင်သူ့ဆီကနေ စိတ်ဓာတ်ခွန်အားတွေ ရလာသလိုတောင် ခံစားရပါတယ်။ သူတို့တွေနဲ့ တွေ့ဆုံစကားပြောပြီးတဲ့ အချိန်မှာ သူတို့ဘဝတွေကို နားလည်ခံစား သိရှိလာရတာအပြင် စာရေးသူက သူတို့ကို စိတ်ဓာတ်ခွန်အားပေး နှစ်သိမ့်ပေးရမယ်လို့ ထင်ထားတာနဲ့ တက်တက်စင် လွဲအောင်ကို သူတို့ဆီကနေ လူတစ်ယောက်ရဲ့ ဘဝရပ်တည်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ၊ ယုံကြည်ချက်တွေဟာ ဘယ်လောက်ထိ အရေးပါလဲဆိုတာကို ပြန်လည်သင်ယူ ရရှိခဲ့ရပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝရဲ့ အားနည်းချက်တွေအပေါ် ခံစားပြီး သူများထူမှ ထနိုင်တဲ့ဘဝမျိုးထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ထားပြီး ကြိုးစားမှသာ စစ်မှန်တဲ့အောင်မြင်မှု၊ မှန်ကန်တဲ့ ရပ်တည်မှုကို ရရှိမှာဖြစ်တယ် ဆိုတာကိုလည်း ခံစားသိရှိခဲ့ရပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ သူတွေက ဘဝမှာ အောင်မြင်ပျော်ရွှင်စွာ ရပ်တည်နိုင်သူတွေ ဖြစ်ပါတယ်။ အလုပ်တစ်ခုကို လုပ်တဲ့အခါ ယုံကြည်ချက်အပြည့်နဲ့ လုပ်တဲ့အခါ၊ စကားပြောဆိုတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ ပြောဆိုတဲ့အခါ လူအများရဲ့ လေးစားယုံကြည်မှုကိုလည်း ရရှိစေသလို ကိုယ်လုပ်တဲ့ အလုပ်မှာလည်း  အကောင်းဆုံး စွမ်းဆောင်နိုင်စေမှာလည်း ဖြစ်ပါတယ်။ အလုပ်တစ်ခုကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ ပီတိကျေနပ်မှုကလည်း လူတစ်ယောက် ရှေ့ဆက် အလုပ်တွေလုပ်နိုင်ဖို့ ခွန်အားတစ်ခုလည်း ဖြစ်စေပါတယ်။ ဘဝမှာ အောင်မြင်သူတွေ၊ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ သူတွေက သူတို့မှာ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိနေပေမယ့် ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်ရမယ်၊ ကိုယ့်ရည်မှန်းချက်အတိုင်း ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ကြိုးစားလုပ်ဆောင်ခဲ့ကြလို့သာ အခုလို ဘဝကို လှလှပပနဲ့ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြတာပဲ ဖြစ်တယ် ဆိုတာကို စာအုပ်စာပေတွေ ဖတ်ရှုခြင်း၊ သူတို့ရဲ့အတ္ထုပ္ပတ္တိတွေ အကြောင်းကို ဖတ်ရှုလေ့လာခြင်း၊ အောင်မြင်နေတဲ့သူ၊ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်နေသူတွေရဲ့ ပြောစကားတွေကတစ်ဆင့် သိရှိမှတ်သား ခဲ့ရပါတယ်။
တကယ်တော့ အလုပ်အကိုင်တွေ၊ တခြားကြီးကြီးမားမား ကိစ္စတွေမှ မဟုတ်ပါဘူး။ သာမန်ကိစ္စတွေ သာမန်ဆုံးဖြတ်ချက် ချရတဲ့ နေရာတွေမှာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူနဲ့ မရှိသူက သိပ်ကိုကွာခြားပါတယ်။ ဥပမာအားဖြင့် သာမန်ကိုယ့်ကိုယ်ခန္ဓာပေါ် ဝတ်ဆင်တဲ့ အဝတ်အစား ဝတ်တာကအစ လူအများစုက ‘ငါနဲ့လိုက်ရဲ့လား၊ အဆင်ပြေရဲ့လား’ ဆိုပြီး တခြားသူကို မေးတတ်ကြသလို တခြားသူရဲ့ ထင်မြင်ချက်ကိုလည်း တောင်းခံတတ်ကြပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ဈေးဝယ်ထွက်တဲ့ အခါပဲဖြစ်ဖြစ် ‘ဒါလေးဝယ်လိုက်ရင် ကောင်းမလား မသိဘူးနော်’ ဆိုတာမျိုး တိုင်ပင်အကြံဉာဏ် တောင်းတတ်ကြပါတယ်။ တစ်ခါတလေက ကိစ္စမရှိပေမယ့် အမြဲတမ်း အဲဒီလိုအကျင့်ဖြစ်ပြီး သူတစ်ပါးရဲ့ ဆုံးဖြတ်ချက်ကိုသာ တောင်းခံ လုပ်ဆောင်တတ်တဲ့သူက ကြာလာတဲ့အခါ ကိုယ့်ကိုယ်ပိုင် ဆုံးဖြတ်ချက်ဆိုတာ ပျောက်သွားတတ်ပါတယ်။ သူများရဲ့ ထင်မြင်ချက်တွေကို သိပ်ဂရုစိုက်တဲ့အခါ ကိုယ့်ထင်မြင်ချက်တွေကို မကောင်းဘူး၊ အသုံးမဝင်ဘူး ထင်သွားတဲ့ စိတ်ဝင်လာတတ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာလည်း ပျောက်ဆုံး သွားတတ်ပါတယ်။
ဒီလိုသာမန် ကိစ္စတွေကနေ မိသားစုအရေး၊ စီးပွားရေး၊ လူမှုရေးကစလို့ နိုင်ငံ့အရေးလို ကိစ္စမျိုးတွေ လုပ်ဆောင်ရာမှာရော၊ ဆုံးဖြတ်ချက်ချရာမှာပါ ယုံကြည်မှုရှိတဲ့သူနဲ့ မရှိတဲ့သူက သိပ်ကိုကွာခြားတာကို တွေ့မြင်နိုင်ပါတယ်။ ယုံကြည်ချက် ရှိတဲ့သူက တစ်နည်းအားဖြင့် သတ္တိခွန်အား စိတ်ဓာတ်မျိုး ရှိတာလည်း ဖြစ်ပါတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ပြတ်သားတယ်။ ဖြစ်ရမယ်ဆိုတဲ့ သေချာပိုင်နိုင်မှုနဲ့ လုပ်ဆောင်တယ်။ ကိုယ့်စကား၊ ကိုယ့်လုပ်ဆောင်ချက်တွေအပေါ် ယုံကြည်မှု အပြည့်ရှိတဲ့အတွက် ကိုယ့်နှုတ်ကထွက်တဲ့ စကားလုံးတွေရဲ့ တာသွားမှုကအစ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိသူတွေက သူများကို အားကိုးတယ်။ ပြောချင်ရာ ပြောတယ်။ ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိတယ်။ ကိုယ့်စကား ကိုယ့်လုပ်ရပ်တိုင်းကို ကိုယ်တိုင်က ယုံကြည်မှုမရှိ တဲ့အတွက် တစ်စုံတစ်ခု ဖြစ်လာခဲ့ရင်လည်း တာဝန်ယူမှု တာဝန်ခံမှု ဆိုတာလည်း မရှိဘူး။
ဘဝရပ်တည်မှုမှာ ယုံကြည်မှုဆိုတာက သိပ်ကိုအရေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူက တခြားသူတွေဆီက ယုံကြည်မှုကို ရနိုင်ဖို့လည်း ခဲယဉ်းတယ်။ တခြားသူတွေရဲ့ ယုံကြည်မှုကို မရနိုင်တဲ့သူက အဖွဲ့အစည်းနဲ့ အလုပ်လုပ်ဖို့ ဆိုတာလည်း မလွယ်ကူနိုင်ဘူး။ သူများကို ဦးစီးဦးဆောင် လုပ်နိုင်ဖို့ ဆိုတာလည်း မလွယ်ကူဘူး။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသူနဲ့ မရှိသူရဲ့ အဓိကကွာခြားချက်ပဲ ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားရှိတာအပြင် တခြားသူတွေအပေါ် ယုံကြည်စိတ် ထားတတ်ဖို့လည်းလိုတယ်။ နေရာတကာမှာ သံသယတွေဖြစ်မယ် မယုံမကြည် ဖြစ်နေမယ်ဆိုရင် ကိုယ်ပဲအမြဲတမ်း စိုးရိမ်စိတ်တွေနဲ့ ပူလောင်နေရလိမ့်မယ်။ သူများကို မယုံကြည်တဲ့အတွက် နေရာတကာမှာ တာဝန်ခွဲဝေပေးမှုမရှိဘဲ အရာရာကိုယ်တိုင် အောက်ခြေသိမ်းကအစ လိုက်လုပ်နေမယ် ဆိုရင်လည်း အလုပ်တွင်တော့မှာ မဟုတ်ဘူး။ တခြားသူအပေါ် ယုံကြည်စိတ်ထားပြီး ပူးပေါင်းလုပ်ဆောင်မှသာ အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခု၊ အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်ပါလိမ့်မယ်။ အပြန်အလှန် ယုံကြည်မှုရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင် တစ်ခုကမှ တက်ကြွပျော်ရွှင်စွာ လုပ်ဆောင်နိုင်ကြပြီး အောင်မြင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်က တခြားသူတစ်ယောက်ကို မယုံကြည်ဘဲနဲ့ သူလုပ်ဆောင်ရမယ့် တာဝန်တွေကို မနိုင်မနင်း ဖြစ်နေတော့မှ မဖြစ်မနေ အကူအညီတောင်းပြီး လုပ်ခိုင်းမယ်။ ဒါပေမဲ့ ‘နင်လုပ်ရင်တော့ လွဲမှာပဲ’ ဆိုတဲ့စိတ်နဲ့ လိုအပ်တာထက် ပိုစိုးရိမ်နေမယ်၊ ‘မတတ်သာလို့သာ ခိုင်းရတယ် နင့်ကို သိပ်ယုံတာ မဟုတ်ဘူး’ လို့ ပြောနေမယ်၊ မျက်စိဒေါက်ထောက် ကြည့်နေမယ်ဆိုရင် တစ်ဖက်လူလည်း စိတ်မကောင်းဖြစ်မယ်၊ သူ့ကိုယ်သူလည်း ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတဲ့ စိတ်၊ အော် ငါ့ကိုမတတ်သာလို့ ခိုင်းတာပဲ ငါက တကယ်အသုံးဝင်လို့ နေရာပေး လုပ်ဆောင်ခိုင်းတာမှ မဟုတ်တာဆိုတဲ့ သိမ်ငယ်စိတ်နဲ့ သူတကယ် စွမ်းဆောင်နိုင်တာထက် လျော့ကျစွာ လုပ်ဆောင်ဖြစ်သွားမယ်။ သူ့ကို မယုံကြည်တဲ့သူကို သူကလည်း သံသယစိတ်နဲ့ မယုံကြည်ပြန်ဖြစ်မယ်။ အဲဒီအခါ အပြန်အလှန် ယုံကြည်မှု မရှိဘဲ လုပ်ကြတဲ့ အလုပ်တစ်ခုရဲ့ ရလာတဲ့ရလဒ်က အနုတ်လက္ခဏာသာ ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တတ်ဖို့ ဆိုတာအပြင် တခြားသူတွေကို ယုံကြည်မှုပေးတတ်ဖို့လည်း လိုပါတယ်။
ယုံကြည်မှုက အတိုင်းအတာ တစ်ခုအထိ ပြည့်ဝစွာ ရှိနေမှသာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ လိုအပ်တာထက် ပိုမိုပြီး ယုံကြည်မှု လွန်ကဲသွားရင်လည်း ကိုယ့်ကို လူအမြင်ကတ်စရာ ဖြစ်သွားစေပါလိမ့်မယ်။ သူများအပေါ်မှာလည်း ယုံကြည်မှုထားရမယ် ဆိုပေမယ့် ယုံကြည်မှု လွန်ကဲလို့တော့ မဖြစ်ပါဘူး။ သူများအပေါ် ယုံကြည်မှု လွန်ကဲရင်လည်း ကိုယ့်မှာ ထိခိုက်ဆုံးရှုံးရတာမျိုး၊ ဒုက္ခရောက်ရတာမျိုးစတဲ့ သာဓကတွေလည်း များစွာရှိနေတာပါပဲ။
ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသူတွေက အခွင့်အရေးတွေ ရလာလိမ့်နိုးနိုးနဲ့ စောင့်မျှော်နေတတ် ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေကတော့ ကိုယ့်အတွက် အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီး ရယူနိုင်ကြသလို ရလာတဲ့ အခွင့်အလမ်းတွေကိုလည်း အမိအရ ဆုပ်ကိုင်ပြီး ကောင်းမွန်စွာ အသုံးချနိုင်ကြပါတယ်။ ယုံကြည်မှုမရှိသူတွေက ကိုယ့်အားနည်းချက်တွေ၊ မပြည့်စုံမှုတွေအတွက် တနုံ့နုံ့ခံစားပြီး ကိုယ့်ရဲ့တန်ဖိုးရှိ တဲ့အချိန်တွေကို ဖြုန်းတီးနေပါတယ်။ တခြားသူတွေကို အားကျရင်း၊ သူများတွေကိုလည်း ကိုယ့်လို ယုံကြည်ချက်မဲ့သူတွေ ဖြစ်လာအောင် ကဲ့ရဲ့ပြောဆို တတ်ကြပါတယ်။ ယုံကြည်မှုရှိတဲ့ သူကတော့ ကိုယ့်အားနည်းချက်တွေ၊ မပြည့်စုံမှုတွေကို ရှေ့ဆက်ဖို့ ခွန်အားသတ္တိတွေ ကြိုးစားအားထုတ်မှုတွေအဖြစ် ပြောင်းလဲအသုံးချပြီး ကိုယ့်ထက်သာနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို မြင်အောင်ကြည့်၊ ကိုယ့်လိုအပ်ချက်တွေကို ပြုပြင်၊ တခြားသူရဲ့ အားနည်းချက်တွေကိုလည်း မြင်အောင်ကြည့် သင်ခန်းစာယူရင်း ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကြိုးစားတည်ဆောက် ကြပါတယ်။
ဒါ့ကြောင့် ယုံကြည်မှုတွေ ပျောက်ပျက်နေတဲ့ သူတွေရဲ့ ဘဝက ရှေ့ဆက်မယ့်လမ်းမှာ အလင်းရောင်ပျောက် ေ၀ဝါးနေပေမယ့် ယုံကြည်မှုရှိတဲ့သူတွေရဲ့ အနာဂတ်လမ်းမှာတော့ တိကျသေချာတဲ့ ရည်မှန်းချက် အစီအစဉ်တွေနဲ့ အရောင်တလက်လက် တောက်ပနေမှာ အသေအချာပါပဲ။ အားလုံးပဲ ယုံကြည်မှုရှိရှိနဲ့ ဘဝကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနိုင်ကြစေဖို့ ဆန္ဒပြုရင်း...။

Most Read

Most Recent