ဘူးသီးတောင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား ငွေလိမ်လည်မှုဖြင့် မင်္ဂလာတောင်ညွှန့် ရဲစခန်းတွင် အမှုဖွင့်ထား

ဘူးသီးတောင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား ငွေလိမ်လည်မှုဖြင့် မင်္ဂလာတောင်ညွှန့် ရဲစခန်းတွင် အမှုဖွင့်ထား
Published 27 January 2016

ဘူးသီးတောင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးရွှေမောင်အား ငွေကျပ် သိန်း ၃၅၀ ကျော် လိမ်လည်မှုဖြင့် မင်္ဂလာတောင်ညွှန့် မြို့မရဲစခန်းတွင် ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီမှ အမှုဖွင့်ထားကြောင်း သိရသည်။ဦးရွှေမောင်အနေဖြင့် ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဦးအောင်ဇော်ဝင်းထံမှ ၂၀၁၂ ဖေဖော်ဝါရီလအတွင်း ငွေကျပ် သိန်း ၂၀၀၊၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ငွေကျပ် သိန်း ၁၅၀ တို့ကို ချေးယူ သုံးစွဲခဲ့ပြီး သတ်မှတ်ရက်အတွင်း ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း လက်မှတ်ထိုးခဲ့ကြောင်း သိရှိရသည်။ထိုသို့သတ်မှတ်ရက် ကျော်လွန်၍ ဦးရွှေမောင်ထံမှ ချေးယူထားသော ငွေများကို ပြန်လည်ပေးရန် တောင်းခဲ့သော်လည်း ဦးရွှေမောင်အနေဖြင့် တိမ်းရှောင်နေ၍ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ အထွေထွေမန်နေဂျာဖြစ်သူ ဦးစိုးနိုင်က တရားလိုပြုကာ မင်္ဂလာတောင်ညွှန့် မြို့မရဲစခန်း၌ လိမ်လည်မှုဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။“အမှုလာဖွင့်ထားတာက မနှစ်ကထဲကပါ။ အခုမှ ဖွင့်တာ မဟုတ်ဘူး။ လာတိုင်တုန်းကလည်း ဘူးသီးတောင်အမတ်ဆိုပြီး ပြောသွားတာ မဟုတ်ဘူး။ ဗိုလ်တစ်ထောင်မြို့နယ် လိပ်စာနဲ့ လာဖွင့်ထားတာ။ ဒီအမှုက သူတို့ပါစင်နယ်ကိစ္စပါ။ အမှုလာဖွင့်ရင်တော့ ကျွန်တော်တို့ရဲတပ်ဖွဲ့က အမှုလက်ခံရမှာပါပဲ”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲမှူးက ပြောသည်။ဒီအမှုကိစ္စနှင့် ပက်သတ်၍ ဦးရွှေမောင်ထံသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း စက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။ဦးရွှေမောင်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မွေးဖွားချိန်က မိဘနှစ်ပါးမှာ နိုင်ငံသားမဖြစ်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်စာရင်းမှ ပယ်ချခဲ့ခံရကြောင်း သိရှိရသည်။

Most Read

Most Recent