Immortal Band နှင့် တွေ့ဆုံခြင်း

Immortal Band နှင့် တွေ့ဆုံခြင်း
Published 27 January 2016
လင်းလင်းခိုင်

ကောင်းမွန်လှပသည့် တေးသီချင်းတစ်ပုဒ် လှပစွာ အသက်ဝင်လာမှုတွင် အဆိုရှင်၏ သီဆိုအားထုတ်မှု၊ တီးဝိုင်းအဖွဲ့၏ ပြောင်မြောက်သည့် တီးခတ်မှု၊ မူရင်းတေးရေးသူ၏ ခံစားသက်ဝင်မှု၊ အသံဖမ်းပညာရှင်၏ ကြိုးပမ်းမှု စသည့် အချက်များ အချိုးညီညီပါဝင်ရန်မှာ အရေးပါလှပေသည်။ လှပကောင်းမွန်သည့် တေးသီချင်း ဖြစ်ပေါ်လာစေရန် အရေးပါသည့် ကဏ္ဍတစ်ရပ်တွင် ပါဝင်နေသည့် တီးဝိုင်း၏ အခန်းကဏ္ဍကို လှပစွာပုံဖော်နေသည့် တီးဝိုင်းများစွာရှိပါသည်။ ယင်းတို့အနက် လတ်တလော ထွက်ရှိထားသည့် အဆိုတော်ဇော်ပိုင်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်တို့ ပါဝင်သည့် ZPNI တေးစီးရီးခွေအား တီးခတ်ထားကာ တေးစီးရီးများစွာကို တီးခတ်လျက်ရှိသူ၊ ဖျော်ဖြေပွဲများစွာတွင် ပါဝင်တီးခတ်လျက်ရှိသည့် Immortal Band နှင့် အင်တာဗျူးကဏ္ဍအတွက် တွေ့ဆုံမေးမြန်း ဖြစ်ပါသည်။ Immortal Band မှအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တေးစီးရီးခွေများနှင့် ဖျော်ဖြေပွဲများအား တီးခတ်မှု အတွေ့အကြုံများအား မေးမြန်းထားပါသည်။
မေး- Immortal Band မှာ ပါဝင်တဲ့ တီးဝိုင်းအဖွဲ့သားတွေနဲ့ အရင်ဆုံး မိတ်ဆက်ပေးပါဦး။
ဖြေ- ကျွန်တော်က ဂစ်တာတီးတာ ကိုဝဏ္ဏပါ။ ကိုသိန်းထိုက်အောင်က Keyboard တီးပါတယ်။ ဘူးသီး (ခ) ကိုကျော်ဝင်းနိုင်က ဒရမ် တီးပါတယ်။ ကိုအောင်နိုင်က Bass ဂစ်တာ တီးပါတယ်။
မေး- ဒီတီးဝိုင်းကို ဘယ်နှခုနှစ်မှာ စတင်တည်ထောင် ခဲ့ပါသလဲ။
ဖြေ- ပထမဆုံး CR ဆိုတဲ့ စတူဒီယိုလေး အရင်လုပ်ဖြစ်တယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကပေါ့။ သေချာတဲ့ အချစ်ဆိုတဲ့ အခွေလေး တီးဖြစ်ပါတယ်။ အဲဒီကစပြီး Immortal Band နာမည်နဲ့ သေချာတီးဖြစ်တာပါ။ ၂၀၀၉ ဝန်းကျင်လောက်ကပါ။
မေး- စဖွဲ့ကတည်းက ဒီအဖွဲ့သားတွေနဲ့ပဲ တီးဖြစ်ခဲ့တာ လား။
ဖြေ- ကျွန်တော်နဲ့ Bass တီးတဲ့ ကိုအောင်နိုင်ရယ်က ငယ်သူငယ်ချင်းပါ။ ကိုဘူးသီးကတော့ ဒီလောကထဲ ရောက်လာတဲ့အချိန်မှ ခင်သွားတာ။ အဲဒီတုန်းကတော့ ကိုကျော်စိုးနိုင်က Keyboard တီးတာ။ ကိုသိန်းထိုက်အောင် သြစတြေးလျက ပြန်ရောက်လာတဲ့ အချိန်မှာ သူပြန်ပါလာပြီး ကျစ်ကျစ်လျစ်လျစ်လေး ပြန်ဖွဲ့စည်းဖြစ်သွားတာပါ။ နောက်ပိုင်းတော့ အခွေတွေ တောက်လျှောက် တီးဖြစ်ပါတယ်။
မေး- တီးဝိုင်းစဖွဲ့ကတည်းကထားတဲ့ ရည်ရွယ်ချက်ဆိုရင်ရော အစ်ကို။
ဖြေ- ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့က ဂီတကို ကြိုက်တယ်။ ဂီတကို ကောင်းကောင်း မွန်မွန်လေး ဖန်တီးချင်တယ်။ သီချင်းတွေကို ခံစားပြီး သေချာ အကောင်းဆုံးလေး ဖြစ်အောင် ဖန်တီးချင်တယ်။ အဲဒီလို စိတ်တူကိုယ်တူဖြစ်တဲ့ အဖွဲ့လေးဖွဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဒီအဖွဲ့ကို ဖွဲ့ဖြစ်တာပါ။
မေး- အစ်ကိုတို့တီးဝိုင်းက တီးပေးဖြစ်ခဲ့တဲ့ အခွေတွေထဲက မှတ်မှတ်ရရဖြစ်တဲ့ အခွေတွေဆိုရင်ရော။
ဖြေ- လတ်တလောထွက်ထားတဲ့ ကိုဇော်ပိုင်နဲ့ အမျိုးသမီးအဆိုရှင် သုံးဦးတို့ပါဝင်ထားတဲ့ ZPNI အခွေလေးဆို အမှတ်တရဖြစ်ပါတယ်။ သီချင်းတွေ တအားကောင်းတယ်။ တီးရတဲ့သူတွေအတွက် လက်တွေ့တဲ့ အခွေမျိုးပေါ့။ နောက်တစ်ခွေကကျတော့ ဖိုးကာရဲ့အခွေသစ်ပါ။ ရော့ခ်ပုံစံဆန်ဆန်လေး။ ကျွန်တော်တို့လည်း တီးပြခွင့်ရတဲ့ အခွေလေးပေါ့။ နောက်တစ်ခွေကတော့ ပိုပိုဟေသာ အခွေပေါ့။ အဲဒါဆိုလည်း Trend အသစ်တစ်မျိုးနဲ့ တီးထားတဲ့ပုံစံလေးပေါ့။  အဲဒါလေးတွေကတော့ အမှတ်တရပါပဲ။
မေး- တောင်ကြီးတန်ဆောင်တိုင်ပွဲမှာလည်း ရက်အကြာကြီး ဖျော်ဖြေခွင့်ရခဲ့တယ်ဆိုတော့ အဲဒီအတွေ့အကြုံ လေးလည်း ပြောပြပါဦး။
ဖြေ- ကျွန်တော်တို့အနေနဲ့ဆိုရင် တောင်ကြီးက စိမ်းပါတယ်။ ဒါပေမဲ့ အဲဒီမှာကိုးရက် ဖျော်ဖြေခွင့်ရတယ်။ အဲဒီကာလအတွင်းမှာ Immortal Band နဲ့ အသိအမှတ်ပြု ခံခဲ့ရတယ်။ ကျွန်တော်တို့ လေးယောက်လုံး ဖေးဖေးမမနဲ့ စည်းစည်းလုံးလုံး ဖျော်ဖြေနိုင်ခဲ့သလို ပရိသတ်ကလည်း အားပေးကြတယ်ဆိုတော့ အမှတ်တရဖြစ်ပါတယ်။
မေး- ပရိသတ် လက်ခံအသိအမှတ်ပြုတဲ့ တီးဝိုင်းတစ်ဝိုင်းအဖြစ် ကြိုးစားခဲ့ရတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲ။
ဖြေ- အဓိကတော့ ကျွန်တော်က သီချင်းကြိုက်တဲ့ အခါကျတော့ ကောင်းအောင်ပဲ လုပ်ချင်တယ်။ အဲဒီအပေါ်မှာ ပရိသတ်ကလည်း ခံစားသက်ဝင်ပြီး အသိအမှတ် ပြုလာတယ်လို့ ထင်ပါတယ်။ ရှိုးတီးတယ်ဆိုရင်လည်း ကျွန်တော်တို့ လက်စွမ်းပြချင်တယ်ဆိုတာထက် ကောင်းကောင်းမွန်မွန် တီးပြချင်တဲ့စိတ် ပိုရှိတယ်။ အဲဒီအပေါ် ပရိသတ်ကလည်း နားလည်လာတယ်လို့ထင်ပါတယ်။
မေး-တီးဝိုင်းနဲ့အဆိုတော်ရဲ့ အပေးအယူမျှမှပဲ သီချင်းရဲ့အရည်အသွေး၊ ခံစားသက်ဝင်မှုက ပိုမိုကောင်းမွန်လာမယ်လို့ ထင်ပါတယ်။ အဲဒီအပေါ်မှာ အစ်ကိုတို့တီးဝိုင်းအနေနဲ့ ဘယ်လိုညှိနှိုင်းယူပါသလဲ။
ဖြေ- တီးဝိုင်းနဲ့ အဆိုတော်ရဲ့ သဟဇာတဖြစ်မှုကတော့ အရမ်းအရေးကြီးပါတယ်။ သီချင်းတစ်ပုဒ် ဖန်တီးမယ်ဆိုရင် တီးဝိုင်းကို လာပေးကတည်းက ကိုယ်တိုင်ရေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ တေးရေးဆရာ ရေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီအပေါ်မှာ အကြို စိတ်ကူးတစ်ခုတော့ ရှိလာမယ်ပေါ့။ သူ့စိတ်ကူးရယ် ကျွန်တော်တို့တီးဝိုင်းက တီးချင်တဲ့စိတ်ကူးလေးရယ် ပူးပေါင်းပြီးတော့ ဝိုင်းဝန်းဖန်တီးကြတာပေါ့။ အဲဒါမှာလည်း သီချင်းက ပိုမိုကောင်းမွန်တယ်လို့ ထင်ပါတယ်။
မေး- ကျန်ခဲ့တဲ့အချိန်တွေမှာ ဂီတလောကက တော်တော်လေး ရုန်းကန်ခဲ့ရပေမယ့် အခုနောက်ပိုင်းတော့ နည်းနည်းလေးပြန်ပြီး ပရိသတ်စိတ်ဝင်စားမှုနဲ့ ဝယ်ယူနိုင်မှုတွေ များလာတာတွေ့ရပါတယ်။ အဲဒီအပေါ်မှာ နောက်ပိုင်းရော ဂီတဈေးကွက်က ဘယ်လိုဖြစ်လာနိုင်တယ်လို့ထင်လဲ။
ဖြေ- အခုထက် အများကြီး ပိုတိုးတက်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ထက်ပိုပြီး စီနီယာ ကျတဲ့သူတွေရော၊ ဂျူနီယာတွေရော အရင်ထက်အလုပ်တွေပိုပြီး လုပ်ကိုင်ခွင့် ရလာတွေ့ရတယ်လေ။
မေး- လတ်တလော တီးထားတဲ့ အခွေတွေဆိုရင်ရော။
ဖြေ- နောက်လမှာ ကိုဖိုးကာအခွေ ထွက်မယ်။ ပြီးရင် ပိုပိုဟေသာ ထွက်မယ်။ တီးလက်စကတော့ အများကြီးရှိမယ်။ သားဂန်းရှိမယ်။ ဇွဲပြည့်ရဲ့ ဒုတိယအခွေ ရှိမယ်။ အောင်ထက်ရဲ့အစ်ကို အောင်ဇော်ရှိမယ်။ ဝိုင်းစုရဲ့စုံတွဲသီချင်းလေးတွေ အပ်ထားတာရှိမယ်။ ထက်ထက်မိုးဦးလည်း အပ်ထားတာ ရှိပါတယ်။
မေး- သင်္ကြန်ရော ဖျော်ဖြေဖြစ်မလား။
ဖြေ- ဖျော်ဖြေဖို့တော့ နှစ်ခုသုံးခုလောက် ပြောထားတာ ရှိပါတယ်။ ပြောဆို ညှိနှိုင်း နေတုန်းပါ။
မေး- ပရိသတ်ကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိပါသေးလား။
ဖြေ- ကျွန်တော်တို့တီးဝိုင်းကို Immortal Band အနေနဲ့ အသိအမှတ် ပြုလာတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ်လည်း သီချင်းကောင်းတွေ အများကြီး ထပ်ဖန်တီး သွားပါဦးမယ်။ ဆက်လည်းအားပေးကြပါဦးလို့။                  
 

Most Read

Most Recent