ပြည်နယ်နှင့်တိုင်း ဒေသကြီးအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ဆက်လက် မိုးရွာနိုင်ကြောင်း မိုးဇလခန့်မှန်း

ပြည်နယ်နှင့်တိုင်း ဒေသကြီးအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ဆက်လက် မိုးရွာနိုင်ကြောင်း မိုးဇလခန့်မှန်း
Published 25 January 2016
နီလာ

ယခုရက်ပိုင်းအတွင်း ပြည်နယ်နှင့်တိုင်း ဒေသကြီးအချို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင်လည်း မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။
ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတမ်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် အမြင့်တာ ငါးမိုင်၊ မိုးရွာစဉ် တစ်မိုင်အောက်၊ ရေပြင်လေမှာ တစ်နာရီ ပင်လယ်မိုင် ၁၅ မှ မိုင် ၂၀ ကြား၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်အကြား၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်-ရခိုင် ကမ်းရိုးတန်းတစ်လျှောက်တွင်မူ အမြင့်တာ ငါးမိုင်၊ ရေပြင်လေမှာ တစ် နာရီ ၅-၁၀ မိုင်နှင့် တစ်ခါတစ်ရံ ၂၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇန်နဝါရီ ၂၅ ရက် ထုတ်ပြန်ချက်များအရ တနင်္သာရီတိုင်း ဒေသကြီးတွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးရွာခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၅ ရက်နေ့ တိုင်းထွာချက်များအရ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် အနုတ် တစ်ဒီဂရီ စင်တီဂရိတ်၊ ခန္တီးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် လေးဒီဂရီ စင်တီဂရိတ်၊ ပူတာအိုမြို့နှင့် မိုးကုတ်မြို့တို့တွင် ငါးဒီဂရီစင်တီဂရိတ်စီ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များ အနေဖြင့် ကျိုင်းတုံမြို့တွင် ၀ ဒသမ ၈၂ လက်မ၊ နမ့်စန်မြို့တွင် ၀ ဒသမ ၂၄ လက်မ၊ မိုင်းဆတ်မြို့တွင် ၀ ဒသမ ၂၀၊ တပ်ကုန်းမြို့နှင့် လောင်းလုံမြို့တွင် ၀ ဒသမ ၁၆ လက်မ၊ လွိုင်လင်မြို့နှင့် ထားဝယ်မြို့တို့တွင် ၀ ဒသမ ၀၈ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent