မူးယစ်ဆေးဝါး ရောင်းချခြင်း၊ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်း စသည့် အကြောင်းအရာများ မှတ်တမ်းဓါတ်ပုံများပါရှိသော “ဘုရားဒကာအမည်ခံ လောင်းကစားနှင့် ဘိန်းရာဇာ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၇ ရက် က Facebook လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် လှိုင်သာယာမြို့နယ်မှ လူမိုက် ဝင်းနိုင်နှင့် လူမိုက် ခင်စိန်တို့ ဦးဆောင်သောအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရပါသည်။
ယင်းသို့ ဖော်ပြပါရှိလာမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ စီမံညွှန်ကြားမှုဖြင့် အထူးအဖွဲ့များဖွဲ့စည်းပြီး လူမှုကွန်ရက် စာမျက်နှာပါလှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ဝင်းနိုင် (၄၄)နှစ်၊ လိပ်(ခ)ခင်စိန် (၄၇)နှစ်၊ အောင်စိုး(ခ)အောင်စိုးလေး (၄၁)နှစ်၊ ရွှေအိုးစည်(ခ)ရဲညွန့် (၄၂)နှစ်တို့နှင့် ရွှေပြည်သာမြို့နယ် နေသူများဖြစ်သည့် ဝင်းနိုင် (၅၀)နှစ်၊ စိန်ဌေး(၅၆)နှစ်တို့(၆)ဦးအား ယနေ့ (ဇန်နဝါရီ ၂၀ ရက်)တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် ဝင်းနိုင်ပါ (၆) ဦးတို့အား စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ရဲစခန်းများ၌ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။















