မန္တလေးမြို့ အထက်ပိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ယခင်နှစ်များကထက် အချိန်စောကာ ရေကြောင်းကျပ်တည်းမှုနှင့် မြစ်မွှာများဖြစ်ပေါ်မှု များပြားလာခြင်းကြောင့် လင်းပိုင်များ တစ်နေရာနှင့် တစ်နေရာ ကူးသန်းသွားလာမှု ခက်ခဲလာသည်။မန္တလေးနှင့် စဉ့်ကူးမြို့နယ်ကြား ဇန်နဝါရီ ၁၁ရက်မှ ၁၅ ရက်အထိ သွားရောက်ခဲ့သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သုတေသနနှင့် ပညာပေးလုပ်ငန်းခရီးစဉ်အတွင်း ရေကြောင်းကျပ်တည်းမှုကို စည်ပင်ကျွန်းအနီး၊ သူဌေးကုန်းအနီး၊ အေးကျွန်းနှင့် စိန်ပန်းကုန်းကြား၊ သဖန်းထောင့်ကျေးရွာ အထက်ပိုင်းနေရာတို့တွင် ဆိုးရွားစွာ ကြုံတွေ့နေရပြီး အချို့နေရာများတွင် မော်တော်တစ်စီးသာ သွားလာနိုင်ကာ ရေယာဉ်အချို့ သောင်တင်မှုများဖြစ်ပေါ်နေကြောင်း၊ ဧရာဝတီလင်းပိုင်များကိုလည်း ထိန်းသိမ်းရေးဧရိယာ အထက်ပိုင်းနှင့် ဧရိယာအတွင်း၌ ပျံနှံစွာတွေ့ရှိခဲ့ရကြောင်း လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။“ရေကြောင်းကျပ်တည်းမှုက ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက စကြုံနေရပြီ။ ဒီနှစ်က အခါ တိုင်းနှစ်တွေထက် ရေပိုကျတယ်။ အချိန်လည်း စောတယ်။ သောင်ထွန်းတာတွေ၊ ကမ်းပါးပြိုတာတွေများတဲ့အတွက် မြစ်မွှာတွေ အများကြီးဖြစ်လာတာ တွေ့ရတယ်။ မြစ်မွှာများလာတော့ လင်းပိုင်တွေကို တစ်နေရာမှာ တစ်စုတည်း မတွေ့ရတော့ဘူး။ ပြန့်ကျဲပြီး တွေ့နေရတယ်။ ရေကြောင်းကျပ်တည်းမှုနဲ့ မြစ်မွှာတွေ များလာတာကြောင့် လင်းပိုင်းတွေ တစ်နေရာနဲ့တစ်နေရာ ကူးသန်းဖို့ မလွယ်တော့ဘူး။ ရေလုပ်သားတွေအဆိုရ ငါးပုန်းတဲ့လ လည်းဖြစ်တော့ အစာအတွက် ငါးနောက်လိုက်ရင်း ပြန့်ကျဲနေထိုင်ကြတာလည်း ဖြစ်တယ်”ဟု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ခံဦးဟန်ဝင်းက ပြောကြားသည်။ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းရေးဧရိယာအထက်ပိုင်း ဆည်သည်အနီး ကြာဥယျာဉ်ကျေးရွာ၊ ထိန်းသိမ်းရေးဧရိယာ အလယ်ပိုင်း အင်ဒေါင်းနှင့် သူဌေးကုန်းကျေးရွာ၊ ထိန်သိမ်းရေးဧရိယာအောက်ပိုင်း ဆူးလေကုန်းနှင့် ဆင်ကျွန်းကျေးရွာတို့တွင် ပျံနှံစွာ တွေ့ရှိခဲ့ရကြောင်း သိရသည်။“ပြီးခဲ့တဲ့လ ခရီးစဉ်တုန်းက ထိန်းသိမ်းရေးဧရိယာအတွင်းမှာရှိတဲ့ လင်းပိုင် ၂၄ ကောင် အကုန်လုံးနီးပါး စဉ့်ကူးမြို့နယ် ဆည်သည်ရွာရဲ့ အထက်နားမှာ တစ်စုတည်း တွေ့ခဲ့ရတယ်။ ဒီတစ်ခေါက် လင်းပိုင်လေးကောင် မတွေ့ခဲ့ရဘူး။ မြစ်မွှာများတဲ့အတွက် သင်္ဘောလမ်းကြောင်း မဟုတ်တဲ့နေရာတွေမှာ ရောက်နေတာဖြစ်မယ်”ဟု ဦးဟန်ဝင်းက ဆိုသည်။၂၀၀၂ခုနှစ်မှ စတင်၍ နှစ်စဉ်လေ့လာမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် မန္တလေးမြို့အနီး မင်းကွန်းဒေသနှင့် ကျောက်မြောင်းမြို့အကြား မြစ်အစိတ်အပိုင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး နယ်မြေအဖြစ် ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခဲ့ကြပြီး ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ ယခုအခါ ထိန်းသိမ်းရေးဧရိယာအတွင်း လင်းပိုင်ကောင်ရေ ၂၄ ကောင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
မန္တလေးမြို့အထက်ပိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ရေကြောင်းကျပ်တည်းမှုနှင့် မြစ်မြွှာဖြစ်ပေါ်မှု များခြင်းကြောင့် လင်းပိုင်များ သွားလာမှုခက်ခဲ















