ကယားပြည်နယ် ခရီးစဉ်သို့ နိုင်ငံခြား ခရီးသွား စိတ်ဝင်စားမှုှု မြင့်တက်လျက်ရှိပြီး တစ်ညအိပ် နှစ်ရက်ခရီးစဉ် လည်ပတ်မှု ပိုများ

ကယားပြည်နယ် ခရီးစဉ်သို့ နိုင်ငံခြား ခရီးသွား စိတ်ဝင်စားမှုှု မြင့်တက်လျက်ရှိပြီး တစ်ညအိပ် နှစ်ရက်ခရီးစဉ် လည်ပတ်မှု ပိုများ
Published 17 January 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

ကယားပြည်နယ် ခရီးစဉ်သို့ နိုင်ငံခြား ခရီးသွား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပြီး တစ်ညအိပ် နှစ်ရက်ခရီးသာ လာရောက်လည်ပတ်မှု ပိုမို များပြားနေကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။နိုင်ငံခြား ခရီးသွားများ အနေဖြင့် ကယားပြည်နယ်အတွင်း သွားရောက်လည်ပတ်ခွင့် ရရှိသည့် ဒေသများမှာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ပေါ်၊ ဖရူဆိုမြို့ဒေသများနှင့် ကယန်း (ပဒေါင်) လူမျိုးတို့ နေထိုင်ရာ ပန်ပက်ကျေးရွာနှင့် တနှီးလာလဲကျေးရွာသို့သာ အများဆုံးသွားရောက် လည်ပတ်လျက်ရှိကြောင်း ဧည့်လမ်းညွှန် တစ်ဦးက ဆိုသည်။ကယားပြည်နယ်၌ ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် ကယားလူမျိုးတို့၏ ရိုးရာ၊ ဝတ်စားဆင်ယင်မှုနှင့် ပြည်နယ်တွင်း နေထိုင်ကြသည့် လူမျိုး ကိုးမျိုးတို့၏ နေထိုင်မှု ပုံစံများကို စိတ်ဝင်စားကြကြောင်း သိရသည်။ထို့ပြင် ကယားပြည်နယ် နယ်စပ်တွင် မကြာမီ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးပါက ထိုင်းနိုင်ငံမှတစ်ဆင့် မယ်ဟောင်ဆောင် ဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားများပါ ကယားပြည်နယ် အတွင်းရှိ မြို့နယ်အားလုံးသို့ လာရောက်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။ကယားပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှု မြင့်တက်လာရခြင်းမှာ ကယားလူမျိုးစုတို့ အဓိက နေထိုင်ရာ ထေခိုကျေးရွာရှိ နေအိမ် အများစုတွင် ကိုယ်ပိုင် ရက္ကန်းများ ရှိကြပြီး ရိုးရာဝတ်စုံများကို ကိုယ်တိုင်ထုတ်လုပ် ဝတ်ဆင်ခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စား၍ လာရောက်လည်ပတ် လေ့လာကြကြောင်း သိရသည်။ကျေးရွာ အနီးရှိ တောင်ယာလုပ်ငန်းနှင့် အမဲလိုက်ခြင်း လုပ်ငန်းများသည်လည်း နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရိုးရာလုပ်ငန်းဖြစ်ကြောင်း သိရသည်။ထို့ကြောင့် နိုင်ငံခြား ခရီးသွားများအတွက် ကယားပြည်နယ်တွင်း ခရီးစဉ်ဒေသ သစ်များကိုလည်း ဖော်ထုတ်သွားမည်ဖြစ်ပြီး ပြည်နယ်ခရီးစဉ် ဒေသများကိုလည်း အမှတ်တံဆိပ်တစ်ခု အနေဖြင့် ကမ္ဘာမှ သိရှိစေရန် ကြော်ငြာခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီမံချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ပြောကြားထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။လက်ရှိတွင် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် ဒေါတမကြီး ကျေးရွာနှင့် ထေခို ကျေးရွာများသည် လာရောက်လည်ပတ်ရာ၌ ခွင့်ပြုမိန့် တောင်းခံရပြီး ဒေါတမကြီး ကျေးရွာကိုလည်း လက်ရှိ ပန်ပက်ကျေးရွာကဲ့သို့ ခရီးသွားများ စိတ်ဝင်စားလာစေရန်အတွက် ခရီးသွား လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များ အသင်းတို့ ပူးပေါင်းလုပ်ဆောင်မည်ဟု သိရသည်။

Most Read

Most Recent