အွန်လိုင်းရုပ်သံထုတ်လွှင့်မှု အစီအစဉ်တစ်ခုတွင် ထိုင်ဝမ်ကျွန်းစုအလံကို ဝှေ့ယမ်းခဲ့သည့် တောင်ကိုရီးယားအခြေစိုက် ထိုင်ဝမ်အဆိုတော်သည် ဖိအားပေးခံရမှုများကြောင့် တရုတ်နိုင်ငံတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့သည်ဟု သိရသည်။ကေပေါ့ပ်အမျိုးသမီး အဆိုတော်အဖွဲ့မှ ချူးကျုယုသည် အငြင်းပွားဖွယ် အကြောင်းအရာအတွက် တောင်းပန်စကား ပြောကြားသည့် ဗီဒီယိုဖိုင်ကို YouTube တွင် လွှင့်တင်ခဲ့သော်လည်း ဝေဖန်မှုများသည် အရှိန်မြင့်တက်လာခဲ့သည်။“တရုတ်လူမျိုး တစ်ဦးဖြစ်တဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့လုပ်ရပ်နဲ့ စကားလုံးတွေကြောင့် တရုတ်နိုင်ငံသားတွေ စိတ်ထိခိုက်ခဲ့ရတယ်။ တရုတ်မှာလုပ်မယ့် ကျွန်မရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဖျက်သိမ်းမှာပါ” ဟု အသက် ၁၆ နှစ်အရွယ်ရှိ ချူးကျုယုက ပြောကြားခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် ဇန်နဝါရီ ၁၆ ရက်တွင် YouTube ၌ ကြည့်ရှုသည့် အကြိမ်အရေအတွက် နှစ်သန်းကျော် ရှိလာသည်။အငြင်းပွားဖွယ်ကိစ္စကြောင့် TWICE အဖွဲ့၏ ဖျော်ဖြေပွဲတစ်ခုကို ဖျက်သိမ်းခဲ့ကြောင်းနှင့် ချူးသည် တရုတ်စမတ်ဖုန်း Huawei အတွက် ကြော်ငြာရိုက်ကူးမှုများကိုလည်း ဖျက်သိမ်းခဲ့ကြောင်း တရုတ်ရုပ်သံတစ်ခုတွင် ကြေညာခဲ့သည်။ ထိုင်ဝမ်တွင် ခေါင်းဆောင်သစ် ရွေးချယ်မည့် အချိန်တွင်ဖြစ်ပေါ်ခဲ့သည့် ယင်းအငြင်းပွားဖွယ်ကိစ္စသည် ထိုင်ဝမ်မီဒီယာများတွင် လွှမ်းမိုးခဲ့သည်ဟု သိရသည်။ ထိုင်ဝမ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ချူးအတွက် ခုခံပြောကြားခဲ့သည်ဟု သိရသည်။ထိုင်ဝမ်၏ လက်ရှိသမ္မတ မာယင်ကျိုးက အလံဝှေ့ယမ်းမှုသည် ထိုင်ဝမ်ကို ထောက်ခံသည့် လက္ခဏာမဟုတ်ဟု ပြောကြားခဲ့သည်။“အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို တရုတ်နိုင်ငံက အနိုင်ကျင့်နေတယ်” ဟု အွန်လိုင်းအသုံးပြုသူတစ်ဦးက Apple Daily သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။အမေရိကန်အဆိုတော် ကေတီပယ်ရီသည်လည်း ၂၀၁၅ ခုနှစ်က တိုင်ပေ၌ ပြုလုပ်သည့်ဖျော်ဖြေပွဲတွင် ထိုင်ဝမ်အလံကို ခန္ဓာကိုယ်တွင် ပတ်၍ ဝတ်ခဲ့မှုအတွက် ဝေဖန်ခံခဲ့ရသည်။
ထိုင်ဝမ်အလံကို ဝှေ့ယမ်းခဲ့သည့် ထိုင်ဝမ်အဆိုတော် ဖိအားများကြောင့် တရုတ်၌ ပြုလုပ်မည့် ဖျော်ဖြေပွဲများ ဖျက်သိမ်း















