၂၀၂၀ ပြည့်နှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ ထုတ်လုပ်မှု လျော့ကျလာခြင်းနှင့် တွင်းသစ်များမှ စထုတ်ရန် အသင့်မဖြစ်သေးခြင်းများကြောင့် စွမ်းအင်ကဏ္ဍတွင် အကျပ်အတည်း ကြုံတွေ့လာနိုင်ဟုဆို

၂၀၂၀ ပြည့်နှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ ထုတ်လုပ်မှု လျော့ကျလာခြင်းနှင့် တွင်းသစ်များမှ စထုတ်ရန် အသင့်မဖြစ်သေးခြင်းများကြောင့် စွမ်းအင်ကဏ္ဍတွင် အကျပ်အတည်း ကြုံတွေ့လာနိုင်ဟုဆို
Published 17 January 2016
ဇော်ဝေ၊ ထက်ရှိုင်း

၂၀၂၀ ပြည့်နှစ် အရောက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ လက်ရှိ ထုတ်လုပ်နေသည့် တွင်းဟောင်းများမှ ထုတ်လုပ်မှု ကျဆင်းလာနေပြီး အသစ်တွေ့ရှိထားသည့် လုပ်ကွက်များမှ စတင်ထုတ်လုပ်ရန် အသင့်မဖြစ် နိုင်သေးသည့် အခြေအနေကြောင့် စွမ်းအင်း အကျပ်အတည်း ဖြစ်ပေါ်လာနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအကြံပေး ဦးသန်းထွန်းက ပြောကြားသည်။ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှု အသင်းမှ ပြုလုပ်သည့် “၂၀၁၆- ၂၀၂၁ ခုနှစ်များတွင် ပြောင်းလဲသင့်သော မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် စွမ်းအင်ဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။“၂၀၂၀ ရဲ့ ဟိုဘက်ဆိုရင် မှန်းလို့ မရတော့ဘူး။ အသစ်ပေါ်လာမယ့် ဟာတွေကို မျှော်လင့်ရတာက ရွှေရည်ထွန်းဆိုရင် သူ့ရဲ့ ရလဒ်က အလားအလာ ရှိတယ်။ ကျွန်တော့် အမြင်ကတော့ ၂၀၂၀ ပြီးရင် Gap တစ်ခုတော့ ရှိသွားနိုင်တယ်” ဟု ဦးသန်းထွန်းက ပြောကြားသည်။“ဂက်စ်ကို တွက်ထားတာကတော့ တကယ်ထွက်တဲ့ လေးခုပေါ့။ ရတနာ Total ပရောဂျက် ရှိပါတယ်။ ရဲတံခွန် Petronas ပရောဂျက် ရှိပါတယ်။ ရွှေ၊ ဇောတိက PTT ရှိပါတယ်။ အဲဒီလေးအတွက် Reserve ကတော့ တွက်ထားတာကတော့ ၁၆ ထရီလျံ ရှိပါတယ်။ ရာခိုင်နှုန်း ၄၀ က ထုတ်ပြီးသလောက် ဖြစ်ပါတယ်။ အဲဒီရလဒ် ကုန်သွားရင်တော့ နောက်ထပ် အသစ်တွေ့မှပဲ ရှိနိုင်တော့မှာပါ။ သဘာဝဓာတ်ငွေ့က တစ်နေ့ကို ကုဗပေ သန်း ၁၉၀၀၊ ၂၀၀၀ လောက် ထုတ်နေတယ်။ ပြည်တွင်းအတွက် သုံးနေတာကတော့ သန်း ၄၀၀ လောက် သုံးနေတယ်။ အခု ထုတ်လုပ်မှုနှုန်းကို ကြည့်မယ်ဆိုရင် ၂၀၂၀ ဆိုရင် အကုန်လုံး စကျပြီ။ အသစ်သာ မထွက်ဘူးဆိုရင် ၂၀၂၀ ကစပြီး တန့်သွားပြီ” ဟု ဦးသန်းထွန်းက ပြောကြားသည်။လက်ရှိ ထုတ်လုပ်နေသည့် ရဲတံခွန် စီမံကိန်းများမှာ ၂၀၀၇ ခုနှစ်ကတည်းက စတင်ကျဆင်းစ ပြုလာနေပြီဖြစ်ကြောင်း၊ တစ်နေ့လျှင် သန်း ၄၀၀ ဝန်းကျင် ထုတ်လုပ်နေရာမှ လက်ရှိအချိန်တွင် တစ်နေ့လျှင် သန်း ၂၅၀  ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း၊ Reserve မှာလည်း ယခင်က သုံးထရီလျံအထိ ခန့်မှန်းထားရာမှ ၂ ဒသမ ၂ ထရီလျံအထိ လျှော့ချခန့်မှန်းလိုက်ရကြောင်း၊ သို့သော် ၂၀၁၃ ခုနှစ်တွင် ရွှေသဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် သိသာသည့် ပြောင်းလဲမှု မရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ဇောတိက ထပ်မံထုတ်လုပ်ခဲ့သည့်အတွက် ယခင်ထုတ်လုပ်မှု ပမာဏထက် အနည်းငယ် ပိုမိုလာခြင်းဖြစ်ကြောင်း ဦးသန်းထွန်းက ပြောကြားသည်။ရွှေသဘာ၀ ဓာတ်ငွေ့မှာ တစ်နေ့လျှင် ကုဗပေ သန်း ၅၀၀ ဖြင့် ထုတ်လုပ်နေကြောင်း၊ ၁၁ နှစ် ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားကြောင်း၊ ဇောတိက စီမံကိန်းမှာ တစ်ရက် သန်း ၃၅၀ ဖြင့် ထုတ်လုပ်နေကြောင်း အလွန်ဆုံး ၁၀ နှစ် အထိသာ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း ဦးသန်းထွန်းက ပြောကြားသည်။ကုန်းတွင်း ရေနံထုတ်လုပ်မှု အနေဖြင့် ၁၉၈၀-၁၉၈၁ ခုနှစ်တွင် မန်းရေနံမြေ တစ်ခုတည်းမှာပင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၂၄၀၀၀ အနိမ့်ဆုံး ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စည်ပေါင်း ၇၅၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့သဖြင့် ထုတ်လုပ်နိုင်မှု ရာခိုင်နှုန်း ၆၀ ဝန်းကျင်အထိ လျော့ကျသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။“ကုန်းပေါ်မှာ ကျွန်တော်တို့ များများစားစား မှန်းထားတာက ထုတ်နိုင်မယ်လို့ မှန်းထားတာရှိပြီး ရလဒ်ကတော့ မရှိတော့ဘူး။ ကျွန်တော်တို့ အကွက်အသစ်တွေ ၁၆ ကွက် ထပ်ပြီး ရှာဖွေရေးတွေ လုပ်တဲ့အခါမှာ တွေ့တယ်ဆိုရင်တော့ နောက်ထပ် အလားအလာတွေ တိုးလာမှာပေါ့” ဟု ကုန်းတွင်းလုပ်ကွက် အခြေအနေနှင့် ပတ်သက်၍ ဦးသန်းထွန်းက ပြောကြားသည်။ဇန်နဝါရီ အစောပိုင်းတွင် မြန်မာနိုင်ငံသားပိုင် MPRL ကုမ္ပဏီသည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် A-6 တွင် Woodside Energy (Myanmar) Pte.,Ltd နှင့် Total E & P Myanmar တို့နှင့် ပူးပေါင်း၍ “ရွှေရည်ထွန်း ” တွင်းအမှတ် (၁) ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်တူးဖော်ခဲ့ရာ လက်ရှိ အချိန်အထိ အနက် ၅၃၀၆ မီတာအထိ တူးဖော်နိုင်ခဲ့ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး အနောက်ဘက် ငွေဆောင် ကမ်းခြေမှ မိုင် ၃၀ ခန့်အကွာ ကမ်းလွန်ပင်လယ်တွင် ရေအနက် ၂၀၃၃ မီတာနေရာ၌ တည်ရှိသည့် ရွှေရည်ထွန်း အမှတ် (၁) တွင်းမှာ ပင်လယ်ကြမ်းပြင်အောက် အနက်မီတာ ၅၀၀၀ ခန့်ရှိ Saung အမည်ရ လွှာတွန့်ခုံး (Anticline Structure) အတွင်းဘူမိ သက်တမ်း (Pliocene) သက်တမ်းရှိ သဲကျောက်လွှာများအထိ တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကနဦး ခန့်မှန်းချက်အရ ယင်းသဘာ၀ ဓာတ်ငွေ့သိုက်မှာ ယခု တရုတ်နိုင်ငံသို့ ပို့ဆောင်နေသည့် ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်းမှ သဘာ၀ ဓာတ်ငွေ့သိုက်ထက် ပိုမိုကြီးမားနိုင်ကြောင်းလည်း ဦးသန်းထွန်းက ပြောသည်။ သို့သော်လည်း ယင်းတွေ့ရှိမှုမှာ ကနဦး တွေ့ရှိမှု အဆင့်သာရှိသေးပြီး ဆက်လက် ထုတ်လုပ်နိုင်ခြေ ရှိမရှိ မသေချာသေးကြောင်း၊ ထုတ်လုပ်နိုင်သည် ဆိုပါကလည်း အနည်းဆုံး ၁၀ နှစ်ခန့် အချိန်ကြာမြင့်ဖွယ် ရှိဦးမည်ဖြစ်ကြောင်း ဦးသန်းထွန်းက ပြောကြားသည်။အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ နှစ် ၃၀ စွမ်းအင် စီမံကိန်းတွင် သဘာဝဓာတ်ငွေ့မှာ လျှပ်စစ် ကဏ္ဍအတွက် အလားအလာ အရှိဆုံးဖြစ်ကြောင်း ADB မှ မြန်မာနိုင်ငံအတွက် ရေးဆွဲထားသည့် နှစ် ၃၀ စွမ်းအင် စီမံကိန်းအရ သိရသည်။မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၂ ခုနှစ်နှင့် ၂၀၃၀ ခုနှစ်အကြားတွင် တစ်နှစ်လျှင် စွမ်းအင်လိုအပ်ချက် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာမည်ဟုလည်း ADB က ခန့်မှန်းထားသည်။         ၂၀၀၉ ခုနှစ်က စက်မှုလုပ်ငန်းများတွင် စွမ်းအင် လိုအပ်ချက်မှာ ၀ ဒသမ ၅၉ ရာခိုင်နှုန်းသာရှိပြီး ကျေးလက် အိမ်ထောင်စုများ၏  စွမ်းအင် လိုအပ်ချက်မှာ ၇ ဒသမ ၁၈ ရှိနေကြောင်း၊ မြို့ပြနေသူများအတွက် စွမ်းအင် လိုအပ်ချက်မှာ ၁ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၂၀၃၀ ပြည့်နှစ် အရောက်တွင်  စက်မှုလုပ်ငန်းများ၏ စွမ်းအင်လိုအပ်ချက်မှာ ၅ ဒသမ ၇ အထိ တိုးမြင့်လာမည်ဖြစ်ပြီး ကျေးလက် ဒေသများ၏ စွမ်းအင် လိုအပ်ချက်မှာ ၇ ဒသမ ၇ နှင့် မြို့ပြနေ လူတန်းစားများ၏ စွမ်းအင် လိုအပ်ချက်မှာ ၁ ဒသမ ၃၁ အထိ ရှိနိုင်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ၁၁ ဒသမ ၈ ထရီလျံ ကုဗပေ Reserve အဖြစ် ရှိနေကြောင်း ရေအားမှလျှပ်စစ် မဂ္ဂါဝပ် တစ်သိန်းအထိ ထုတ်လုပ်နိုင်ခြေ ရှိနေကြောင်းလည်း ADB က ခန့်မှန်းထားပြီး ရေတိုကာလတွင် သဘာ၀ ဓာတ်ငွေ့နှင့် ကျေးလက်ဒေသ အိမ်ထောင်စုများအတွက် ချက်ပြုတ်ရေးတွင် သုံးစွဲနေသည့် ထင်းမီးသွေးတို့မှာ ဆက်လက် အရေးပါနေဆဲ ဖြစ်နေပြီး သစ်တော ပြုန်းတီးမှု ကာကွယ်ရန်နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ကျေးလက်ဒေသတွင် ထင်းအစားထိုး လောင်စာပြောင်းလဲ သုံးစွဲနိုင်ရေးမှာ အရေးကြီးကြောင်း သိရသည်။

Most Read

Most Recent