မြန်မာ့ကျောက်စိမ်းကို ဝယ်ယူလိုသူများ၏ သုံးစွဲအားထက် တူးဖော်ထွက်ရှိမှု များပြားနေခြင်းကြောင့် ကျောက်စိမ်းဈေးကွက် ကျဆင်းနေရပြီး မြန်မာ့ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲစစ်စစ်များကို မြန်မာနိုင်ငံတွင်သာ ရနိုင်သည်ဆိုသည့် ယုံကြည်မှု ကမ္ဘာ့ကျောက်မျက် လောကတွင် နာမည်ပေါက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် မြန်မာ့သယံဇာတသည် တခြားနိုင်ငံများ၏ သယံဇာတ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားသည်။အဆိုပါ ပြောကြားချက်ကို ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်ရှိ မဏိရတနာ ကျောက်မျက်ခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ သတ္တမအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။“ကျောက်မျက်ဈေးကွက် ကျဆင်းနေရတဲ့ အကြောင်းရင်းက ကမ္ဘာ့စီးပွားရေး ကျဆင်းနေတဲ့ အကြောင်းလည်း ပါသလို သုံးစွဲအားထက် တူးဖော်ထွက်ရှိမှုက များပြားနေတာကိုလည်း တွေ့ရှိရပါတယ်။ ပြီးတော့ မြန်မာ့ကျောက်စိမ်းနဲ့ ဆင်တူယိုးမှားရှိတဲ့ အလှဆင် ကျောက်တွေကလည်း ကျောက်စိမ်း ဈေးကွက်ထဲကို ဝင်လာနေပါတယ်။ ပြီးတော့ ကျောက်စိမ်းဈေးကွက်နဲ့ ပတ်သက်ပြီး အတုအပ ပစ္စည်းတွေ များလာလို့ မြန်မာ့ကျောက်စိမ်း အပေါ်မှာ ယုံကြည်မှုလည်း နည်းလာပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကျောက်စိမ်းထွက်ရှိရာ မူရင်းနိုင်ငံဖြစ်သလို ကမ္ဘာ့အကောင်းဆုံး မိုးကုတ်ပတ္တမြား၊ နီလာ၊ ပုလဲ တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မြန်မာ့ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲစစ်စစ်တွေကို မြန်မာနိုင်ငံမှာသာ ရနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ကမ္ဘာ့ကျောက်မျက်လောကမှာ နာမည်ပေါက်အောင် လုပ်ဆောင်ဖို့လိုမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ မြန်မာ့သယံဇာတတွေက တခြားနိုင်ငံတွေရဲ့ သယံဇာတတွေ ဖြစ်နေပါတယ်” ဟု ဦးရုံးမူက ဆိုသည်။အစိုးရသက်တမ်း ကုန်လုနီး အချိန်တွင် အရှိန်မြှင့် တူးဖော်လာနေသည့် ကျောက်စိမ်း တူးဖော်နေမှုများကို အစိုးရက ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာရှိသည့် ကျောက်စိမ်းကို အနည်းငယ်သာ ထုတ်ပါက ဈေးကောင်းရသည့် အခြေအနေ ဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ ဒေါက်တာဇော်ဦးက ဆိုသည်။ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ၂၀၁၂ ခုနှစ် မေ ၃၁ ရက်မှ စတင်၍ ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို ရပ်နားထားခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ထို့ပြင် ကျောက်စိမ်း တူးဖော်ရာတွင် ယခင်က အနက်ပေ ၂၀၀ မှ ၃၀၀ ခန့်သာ တူးဖော်ထုတ်လုပ်နိုင်ခဲ့ကြသော်လည်း ကျောက်ကြော အခြေအနေအရ အနက်ပေ ၅၀၀ ခန့်မှ ပေ ၁၀၀၀ အထိ တူးဖော် ထုတ်လုပ်လာရသည်ဟု သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေကြားထားသည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းများအရ လုံးခင်း၊ ဖားကန့် ရတနာမြေတွင် တူးဖော်ရေး ကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့် ကုမ္ပဏီ၂၃၁ ခုကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧကကို လုပ်ကိုင်ခွင့် ပြုထားကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေဆိုထားသည်။ကျောက်မျက်ရတနာ လုပ်ကွက် လုပ်ကိုင်ခွင့်များကို နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့် မပြုထားဘဲ တိုင်းရင်းသားပိုင် ကုမ္ပဏီ၊ အသင်းများနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များကိုသာ ချထားပေးခြင်းဖြစ်ကြောင်း ဦးအောင်ညွန့်သိန်းက ဆက်လက် ဖြေကြားထားသည်။ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများအနက် အကြီးဆုံး ကုမ္ပဏီ ၃၀ ကို စိစစ်ရာတွင် တပ်မတော်မှ ပိုင်ဆိုင်သည့် ကျောက်စိမ်း ကုမ္ပဏီသည်ပင် အဆင့် ၂၃ တွင်သာ ရှိနေပြီး အဆိုပါ ကုမ္ပဏီ ၃၀ တွင် ပြည်တွင်း လုပ်ငန်းရှင်များ ပါဝင်နေသလို အမည်ခံ ကုမ္ပဏီများလည်း ပါဝင်နေကာ အဆိုပါ အမည်ခံ ကုမ္ပဏီများ၏ နောက်ကွယ်ရှိ အစုရှယ်ယာရှင်များကို ဖော်ထုတ်မည့် လုပ်ငန်းစဉ်များကိုလည်း EITI (တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး) တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း EITI ဖော်ဆောင်ရေး ကော်မတီ၏ ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာဇော်ဦးက ပြောကြားသည်။ကျောက်မျက်ရတနာ လုပ်ကွက် လုပ်ကိုင်ခွင့်များကို နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့် ပြုမထားသော်လည်း အမှန်တကယ်တွင် အမည်ခံ လုပ်ကိုင်သည့် နိုင်ငံခြားသားများ ရှိနေကာ အများစုမှာ မြန်မာ့ကျောက်စိမ်းကို အဓိက ဝယ်ယူနေသည့် တရုတ်နိုင်ငံမှ တရုတ်နိုင်ငံသားများ ဖြစ်နေသည်ဟု ဖားကန့်ဒေသခံများ အပါအဝင် ပြည်သူများက ယူဆနေသည်။“ဖားကန့်နဲ့ ပတ်သက်တဲ့ ကိစ္စမှာလည်း ဒရောသောပါးနဲ့ လောဘဇောတက်ပြီး တူးဖော်ထုတ်လုပ်နေတာက ရေမဆေးကျောက်သမားတွေ မဟုတ်ကြပါဘူး။ ကျောက်စိမ်း ကုမ္ပဏီတွေထဲက အကြီးဆုံး ကုမ္ပဏီ ၃၀ ကို စိစစ်တဲ့ အခါမှာလည်း ပြည်တွင်းလုပ်ငန်းရှင်များ ပါဝင်နေသလို အမည်ခံ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။ အဲဒီမှာ တပ်မတော်က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတောင်မှ အဆင့် ၂၃ ပဲ ရှိနေတယ်။ သူ့ထက်ကြီးတဲ့ ကုမ္ပဏီတွေချည်း ဖြစ်နေပါတယ်။ အခုပြောနေရတဲ့ ကိစ္စတွေမှာ ခေါင် (အစိုးရ) မလုံတဲ့ ကိစ္စတွေပဲ ပြောနေရပါတယ်။ အခုဆိုရင် ခေါင်မလုံတာကလည်း ပြောင်းတော့မှာဆိုတော့ ခေါင်အပြင် ကျွန်တော်တို့အားလုံး တာဝန်ယူရမယ့် ကိစ္စတွေ ရှိနေပါတယ်” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။ဒေသခံများ၏ တောင်းဆိုမှုနှင့် ပြောကြားချက်များအရ လက်ရှိအစိုးရ သက်တမ်း ကုန်ခါနီးတွင် ဖားကန့်ဒေသ၌ အရှိန်အဟုန်ဖြင့် ကျောက်စိမ်း တူးနေခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရ အနေဖြင့် အရေးပေါ် တားမြစ်အရေးယူပေးရန် လိုအပ်နေကြောင်း သိရသည်။ ထိုသို့ အရှိန်မြှင့် တူးဖော်နေမှုများကို အရေးယူပေးရန် ပြည်သူများက တောင်းဆိုမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိ ထိရောက်သည့် လုပ်ငန်းစဉ်များ လုပ်ဆောင်မှုနှင့် သတင်းထုတ်ပြန်မှုများ အားနည်းနေကြောင်း သိရသည်။
ဝယ်ယူနိုင်စွမ်းထက် တူးဖော်မှု များနေခြင်းကြောင့် ကျောက်စိမ်းဈေးကွက် ကျဆင်းနေပြီး လက်ရှိတွင် မြန်မာ့သယံဇာတသည် အခြားနိုင်ငံများ၏ သယံဇာတ ဖြစ်နေကြောင်း ကျောက်မျက်အသင်း ဥက္ကဋ္ဌ ပြောကြား










