အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၁၀ ခုဖြင့် တရားစွဲဆိုခံထားရသော ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုအား ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ်၌ ထပ်မံအမှုဖွင့်

အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၁၀ ခုဖြင့် တရားစွဲဆိုခံထားရသော ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုအား ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ်၌ ထပ်မံအမှုဖွင့်
Published 15 January 2016
ဝေလင်းအောင်၊ မြင့်သူ

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မငါးခုဖြင့် တရားစွဲခံထားရသည့် ဗကသကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုလင်းထက်နိုင် (ခ) ဂျိမ်း၊ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့ကို ဇန်နဝါရီ ၁၅ ရက်တွင်  ကမာရွတ်မြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။အဆိုပါနေ့ရုံးချိန်းတွင် ဗကသကျောင်း သားခေါင်းဆောင် ကိုကျော်ကိုကိုအား ၂၀၁၄ ခုနှစ် နိုဝင်ဘာက မြို့တော်ခန်းမရှေ့တွင်  ကျောင်းသားများ၏ ညီလာခံအစည်းအဝေး ဗီစီဒီချပ်များကို ရောင်းချခဲ့သဖြင့် ကျောက်တံတားမြို့မ ရဲစခန်း၌ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ကျောက်တံတားမြို့မရဲစခန်းမှ တာဝန်ရှိသူများက ကမာရွတ်မြို့နယ် တရားရုံးသို့ လာရောက်၍ ကိုကျော်ကိုကိုအား ပြောဆိုစစ်ချက်ယူခဲ့ကြောင်း သိရသည်။“ဒီနေ့ ကိုကျော်ကိုကို ကိုတော့ ကျောက်တံတား ရဲစခန်းကနေလာပြီးတော့ စစ်ချက်ယူသွားတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာက ကျောင်းသားတွေရဲ့ အရေးပေါ်ညီလာခံ နာရေးကူညီမှုအသင်းခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဗီစီဒီပြန်ထုတ်ထားတာကို ရောင်းကြတယ်။ အဲဒီရောင်းတဲ့ကိစ္စကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ လာပြောတယ်။  အဲဒါက ဆန္ဒထုတ်ဖော်တာမဟုတ်ဘူး။ ရန်ပုံငွေပွဲအတွက် အစည်းအဝေးကျင်းပတဲ့ ဗီစီဒီခွေကို ရောင်းကြတာ ။ အဲဒါကို ပုဒ်မ ၁၈နဲ့ အစွဲခံရတယ်။ ကျောင်းသားတွေရဲ့ ရန်ပုံငွေပွဲဆိုတော့ ကျောင်းသားတွေ တော်တော်များများတော့ ပါကြတယ်။ နောက်ပြီး ကဗျာဆရာတွေလည်း ပါကြတယ်။ သူတို့က ဘယ်လိုအရေးယူမလဲတော့ မသိသေးဘူး။ အခုဖြစ်နေတာက ကျောင်းသားတွေက ဆန္ဒထုတ်ဖော်တာ မဟုတ်ဘဲ အခြားကိစ္စတွေ လုပ်တာကိုလည်း တရားစွဲ အရေးယူခံနေရတယ်ဆိုတာက အခုကျောက်တံတားက လာပြောတဲ့ကိစ္စက သက်သေဖြစ်နေတယ်။ အမှန်က ဥပဒေဆိုတာက အကာအကွယ်ပေးဖို့၊ ဒါပေမဲ့ လက်ရှိဖြစ်နေတာက ဥပဒေက ပြည်သူလူထုကို အရေးယူဖို့ ဒဏ်ခတ်ဖို့ဖြစ်နေတယ်။ အဲဒီဟာတွေကို လာမည့်လွှတ်တော်သစ်နဲ့ အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲ လုပ်နိုင်အောင် ကြိုးစားရမယ်။ အဲဒီလိုမှ မဟုတ်ရင် တရားစွဲခံရတဲ့သူက အမြဲတမ်း နစ်နာနေတယ်” ဟု  တရားစွဲခံထားရသော ကျောင်းသားခေါင်းဆောင်များနှင့် ဝန်းရံပြည်သူတို့၏ ရှေ့နေဦးဌေးက ဇန်နဝါရီ ၁၅ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။“ကျွန်တော်တို့ကို ခုလို ထပ်ပြီးတော့ အမှုတွေစွဲနေတယ်ဆိုတာက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျောင်းသားတွေ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားခေါင်းဆောင်တွေကို သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်နေတာပါ။ ငါတို့လက်ထဲ ရောက်နေပြီ၊ မင်းတို့ကို ကြိုက်သလို အရေးယူလို့ ရတယ်ဆိုပြီး လုပ်နေသလိုဖြစ်နေတယ်။ ဒီလိုလုပ်နေတာက အစိုးရကောင်းတစ်ရပ်ရဲ့လုပ်ရပ်မဟုတ်ဘူး။ ဒီနေ့ ကျောက်တံတားမြို့နယ်က လာပြောတယ်။ ကျွန်တော်တို့ ကျောင်းသားညီလာခံ ဗီစီဒီခွေရောင်းတဲ့ ကိစ္စကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်။ အဲဒီတုန်းကပါခဲ့တဲ့ ကဗျာဆရာတွေ တော်တော်များများရဲ့နာမည်တော့ အမှုတွဲထဲမှာတွေ့ ခဲ့တယ်။ သူတို့စွဲထားတော့ သူတို့က အထက်ကို ဥပဒေအကြံဉာဏ် တောင်းပြီးတော့ အရေးယူ ဆောင်ရွက်မယ်လို့ပြောတယ်။ လက်ရှိ တရားစွဲမယ် မစွဲဘူးဆိုတာတော့ ကျွန်တော်တို့ကို အဖြေပေးမသွားဘူး” ဟု ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုက ဇန်နဝါရီ ၁၅ ရက် ရုံးချိန်းတွင် ပြောကြားသည်။ဇန်နဝါရီ ၁၅ ရက် ကမာရွတ်မြို့နယ် တရားရုံး ရုံးချိန်း၌ ဗကသကျောင်းသားခေါင်းဆောင်လေးဦးနှင့် ဝန်းရံပြည်သူတစ်ဦးအား တရားစွဲဆိုထားသောအမှုမှာ ကမာရွတ်မြို့နယ် တရားသူကြီး အပြောင်းအလဲကြောင့် အမှုအား စစ်ဆေးခြင်းမရှိသေးဘဲ ဇန်နဝါရီ ၂၁ ရက်သို့ ရုံးချိန်းသာပြန်လည် ချိန်းဆိုပေး ခဲ့ပြီး ယင်းသို့ ရုံးချိန်းဆိုနေသည်မှာ ရုံးချိန်း ငါးချိန်းခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုနန္ဒာစစ်အောင်၊ ကျောင်းသူ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့မှာ မတ် ၁၀ ရက်က ဒီမိုကရေစီ ပညာရေးပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွဲခဲ့မှုကို ရှုတ်ချကန့်ကွက်ကြောင်း ဆန္ဒပြမှုတွင် ပါဝင်သဖြင့် ကမာရွတ်ရဲစခန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် အမှုဖွင့်ကာ ယခုကဲ့သို့ ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။လက်ရှိအချိန်တွင် ဗကသကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကိုမှာ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့မှုကြောင့် သာယာဝတီမြို့နယ်တရားရုံးနှင့် ကမာရွတ်မြို့နယ်တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် တရားစွဲခံထားရပြီး ၂၀၁၄ နိုဝင်ဘာက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှု (လေးရက်သပိတ်) အတွက် လှိုင်မြို့မရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ အင်းလျားကန်ဘောင်တွင် အကြမ်းဖက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်သောကြောင့် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာက မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများ၏ ညီလာခံအစည်းအဝေး ဗီစီဒီချပ်များကို ရောင်းချခဲ့သဖြင့် ကျောက်တံတား မြို့မရဲစခန်း၌ ပုဒ်မ ၁၈ တို့ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။ 

Most Read

Most Recent