Eleven Media Group ၏ ဂုဏ်သတင်းနှင့် သိက္ခာကို ထိခိုက်နစ်နာစေသဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေအား တရားစွဲသောအမှု ငါးကြိမ်မြောက် ရုံးချိန်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇန်နဝါရီ ၁၄ ရက်က စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုနေ့ရုံးချိန်းတွင် တရားမ ကျင့်ထုံးဥပဒေ အမိန့် ၁၄၊ နည်း (၅) အရ ငြင်းချက် ပြင်ပေးပါရန်အတွက် Eleven Media Group ၏ အကျိုးဆောင်ရှေ့နေက လျှောက်ထားမှုကို တရားပြိုင် ဦးလှဆွေမှကန့်ကွက်ခဲ့ပြီး ထိုသို့ ငြင်းချက် ပြင်ဆင်ပေးရန် လျှောက်ထားမှုကို ဖေဖော်ဝါရီ ၁၁ ရက်တွင် နှစ်ဖက်လျှောက်လဲချက် ပေးမည်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ထံမှ သိရသည်။
“ဒီနေ့ကတော့ ပဏာမ ငြင်းချက်ပေါ်မှာ လျှောက်လဲချက်ပေးဖို့ ။ ဒါပေမဲ့လို့ ရုံးတော်က ထုတ်ထားတဲ့ ရုံးငြင်းချက်ငါးချက်ပေါ့။ ရုံးငြင်းချက် နှစ်ချက်က ပေါင်းလို့ရတယ်။ ဥပဒေ ငြင်းချက် မဟုတ်ဘူး။ သူက အကြောင်းခြင်းရာ ငြင်းချက်ဖြစ်တယ်။ အကြောင်းခြင်းရာ ငြင်းချက်ဆိုတာ ဥပဒေညီညွတ်ပြီးမှ အကြောင်းခြင်းရာကို စစ်ရတယ်။ အခုဟာက အကြောင်းခြင်းရာရော၊ ဥပဒေငြင်းချက်ရော နှစ်ခုလုံး ပေါင်းပြီးမှ လျှောက်လဲချက် ပေးရမှာ ဖြစ်တဲ့အတွက် ဆရာက ငြင်းချက်ကိုပြင်ပေးပါဟာကို တင်တယ်။ တင်လိုက်တဲ့အခါ တရားသူကြီးက တစ်ဖက်ကို မေးတယ်။ ဒီဟာနဲ့ပတ်သက်လို့ ဘာပြောစရာရှိလဲဆိုတော့ သူက ဆရာတို့တင်တဲ့ဟာကို ကန့်ကွက်ပါတယ်လို့ သူက ပြောတယ်။ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၁ နာရီမှာ နှစ်ဖက်လျှောက်လဲချက်ပေးဖို့ ပြန်ချိန်းလိုက်ပါတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေသည် ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် ရေးသားဖော်ပြခြင်းနှင့် Myanmar Cable Network TV သို့ဖြေကြားချက်များတွင် EMG ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသဖြင့် ၎င်းထံမှ နစ်နာကြေး ငွေကျပ် သိန်း ၆၀၀၀ ရလိုမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ EMG ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်က တရားလိုအဖြစ် လျှောက်ထားခဲ့ရာ စက်တင်ဘာ ၁၄ ရက်တွင် တိုင်းတရားလွှတ်တော်က အမှုကိုလက်ခံခဲ့သည်။
အဆိုပါအမှုကို တိုင်းတရားလွှတ်တော်မှ တရားမကြီး အမှုအမှတ် ၁၀၈/၂၀၁၅ ဖြင့် တရားသူကြီး ဒေါ်စိုးစိုးအောင်က စစ်ဆေးနေကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေအား တရားစွဲသောအမှု ငြင်းချက် ပြင်ဆင်ပေးရန် The Daily Eleven ၏ လျှောက်ထားမှု ဖေဖော်ဝါရီ ၁၁ ရက် နှစ်ဖက် လျှောက်လဲချက် ပေးမည်















