တာချီလိတ်ခရိုင်အတွင်းရှိ မော်တော်ယာဉ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များအား ရပ်တန့်စစ်ဆေးရာ ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက်က တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
“စစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့ပြီး သွားလာနေတဲ့ ကားတွေကို ရှာနေရင်းနဲ့ ဖမ်းမိခဲ့တာပါ။ အခု ၂၀၁၆ ခုနှစ်မှာတော့ တာချီလိတ်မှာ မူးယစ်ဆေးဝါးတွေကို ဖမ်းမိတဲ့အထဲမှာမှ အများဆုံး ဖြစ်တယ်။ ဖမ်းမိထားတဲ့ သုံးယောက်ကိုတော့ ဒီနေ့ပဲ တာချီလိတ်ခရိုင် တရားရုံးမှာ ရုံးထုတ်ပြီး ရမန်ယူထားတယ်”ဟု တာချီ လိတ်ခရိုင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ကျော်စိုးက ဇန်နဝါ ရီ ၁၄ ရက် နံနက်ပိုင်းက ပြောကြားသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက် နံနက် ၄ နာရီခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ် (၃၁၆) ခြေမြန်တပ်ရင်း စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မိုင်းပါလျှိုး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်၊ မိုင်းပါ လျှိုးအုပ်စု၊ တာလေ-ကျိုင်းလပ်သွား ကားလမ်းမ နမ့်ကိုင်းရွာအနီး ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ မောင်းနှင်လာသည့် 1H-....... နံပါတ်ပါ VIGO တစ်ခွဲခန်း အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးစဉ် ယာဉ်မောင်းနှင့် အနောက်တွင် လိုက်ပါသူ နှစ်ဦးတို့မှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် အဆိုပါယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ကဖင်း တစ်အိတ်လျှင် အလေးချိန် ၂၅ ကီလိုခန့်စီပါ ၁၉ အိတ်၊ စုစုပေါင်း အလေးချိန် ၄၇၅ ကီလို အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၅၀ ကျော် တန်ဖိုးခန့်ရှိကြောင်း သိရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ကဖင်းများကို သယ်ဆောင်လာသူများအား မိုင်းပါလျှိုး နယ်မြေရဲစခန်းက မယ (ပ)၁/၂၀၁၆၊ မူးယစ်ပုဒ်မ ၁၆ (ခ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ယင်းနေရာ၌ပင် သွားလာမောင်းနှင်သော ယာဉ်များအား စစ်ဆေးနေစဉ် နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် တာချီလိတ်ခရိုင် တာလေဘက်မှ ကျိုင်းလပ်ဘက်သို့ လော်ရှီး (၂၂)နှစ် မောင်းနှင်လာပြီး လှဝင်း (၃၉)နှစ်နှင့် ရှီးမွန်(၂၀)နှစ်တို့ လိုက်ပါလာသော ၃ဃ/ .....နံပါတ်ပါ ပါဂျဲရိုး IQ အမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့ခန်း ခြေနင်းနေရာ၌ ဆာလာအိတ် ဖြင့်ထည့်ထားပြီး WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀၀ စီပါ အထုပ် ၃၅ ထုပ်၊ စုစုပေါင်းဆေးပြား ၇၀၀၀၀ ပြား၊ အလေးချိန် ခုနစ်ကီလိုဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်ခရိုင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းသို့ ဖမ်းဆီးရမိသဖြင့် လော်ရှီး(၂၂)နှစ်၊ လှဝင်း(၃၉) နှစ်၊ ရှီးမွန်(၂၀)နှစ်တို့ သုံးဦးအား မိုင်းပါလျှိုး နယ်မြေရဲစခန်းက မယ (ပ) ၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁အရ အရေးယူထားကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးရမိသည့် WY စာတန်းပါ စိတ်ကြွ ဆေးပြားများသည် ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၁၇၅၀ ရှိသဖြင့် ဇန်နဝါရီ ၁၃ရက် နံနက်ပိုင်းတွင် ယာဉ်များဖြင့် သယ်ဆောင်လာသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ စုစုပေါင်း ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင် အတွင်းရှိ မော်တော်ယာဉ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များ စစ်ဆေးရာမှ ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ















