ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း ဈေးအတွင်းရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင်မှ ကျောက်စိမ်းဆွဲပြားခိုးယူမှုဖြင့် တရားစွဲထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ဇန်နဝါရီ ၁၄ ရက် က ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးသို့ အသစ်ပြောင်းရွှေ့လာသော တရားသူကြီးက အမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် အမိန့်ချရန် နှစ်ဖက်ရှေ့နေ၏ လျှောက်လဲချက်ကို ပြန်လည်ကြားနာရန် ဇန်နဝါရီ ၂၂ ရက်သို့ ရုံးချိန်းဆိုပေးခဲ့ကြောင်း သိရသည်။“ဒီနေ့က တရားသူကြီး အပြောင်းအလဲကြောင့် အခုရောက်လာတဲ့ တရားသူကြီးက စွဲချက်နဲ့ ပတ်သက်ပြီးတော့ လျှောက်လဲချက်ကို ပြန်လည်ကြားနာရန်ဆိုပြီးတော့ ၂၂ ရက် ကို ရုံးချိန်းပေးပါတယ်”ဟု ပန်းဘဲတန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၄ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။ပြီးခဲ့သည့် ရုံးချိန်းများတွင် ယခင်မြို့နယ် တရားသူကြီးက တရုတ်နိုင်ငံသားနှစ်ဦးအား အမှုနှင့်ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် အမိန့်ချရန် ချိန်းဆိုထားခဲ့သော်လည်း တရားသူကြီး အပြောင်းအရွှေ့ကြောင့် ယင်းအမိန့် မချဖြစ်ခဲ့ဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆိုခဲ့ခြင်းဖြစ်သည်။၂၀၁၅ ခုနှစ် သြဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗဟိုရုံရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင်သို့ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နေ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် Mr.Liu Jian Yue (၄၇)နှင့် Mr.Yang Jian Zhang (၅၁)တို့ရောက်ရှိလာပြီး ကျောက်မျက်ရတနာများ ဝယ်ယူလိုကြောင်းပြောသဖြင့် ဆိုင်ဝန်ထမ်းများမှ ကျောက်မျက်ရတနာများအား ထုတ်ပြခဲ့သော်လည်း မည်သည့်ပစ္စည်းမျှ ဝယ်ယူခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။၎င်းတို့နှစ်ဦး ပြန်လည်ထွက်ခွာသွားစဉ် ဆိုင်ဝန်ထမ်းများက မသင်္ကာ၍ ပြသခဲ့သော ကျောက်စိမ်းများ စစ်ဆေးကြည့်ရာ ငွေ ကျပ် ၁၅ သိန်းခန့်တန်ဖိုးရှိ ကျောက်စိမ်းပြားတစ်ခု ပျောက်ဆုံးသွားသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို ခိုးယူသည့်နေ့ မွန်းလွဲပိုင်းတွင်ပင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ စစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဖမ်းမိခဲ့ပြီး ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းဆွဲပြား ခိုးယူမှုဖြင့် တရားစွဲထားသည့် တရုတ်နိုင်ငံသားနှစ်ဦးအမှု စွဲချက်တင်သင့် မတင်သင့် အမိန့်နှင့်ပတ်သက်၍ လျှောက်လဲချက် လာမည့်ရုံးချိန်းတွင် ပြန်လည်ကြားနာမည်















