မြန်မာ-တရုတ် နယ်စပ်ဒေသအချို့တွင် တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်ကာ စိုက်ပျိုးမြေ ဖော်ထုတ်မှုများ ရှိနေဟုဆို

မြန်မာ-တရုတ် နယ်စပ်ဒေသအချို့တွင် တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်ကာ စိုက်ပျိုးမြေ ဖော်ထုတ်မှုများ ရှိနေဟုဆို
Published 14 January 2016
အောင်ရဲကို

မြန်မာ-တရုတ်နယ်စပ်ဒေသအချို့တွင် တရုတ်နိုင်ငံသားများမှ တရားမဝင် ဝင်ရောက်ကာ စိုက်ပျိုးမြေဖော်ထုတ်မှုများ ရှိနေကြောင်း သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ဇန်နဝါရီ ၁၃ ရက်က ပြောကြားသည်။ယင်းလုပ်ဆောင်မှုများကို တရုတ်အစိုးရထံသို့ ကန့်ကွက်မှုများ ပြုလုပ်ထားပြီး ထိန်းချုပ်ရန် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် သစ်ခိုးထုတ်မှုကို ထိန်းချုပ်ရန်အပါအဝင် သစ်တောသယံဇာတများကို ထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးပွဲအရ “ပြဿနာတစ်ခုရှိတယ်ဗျ။ တောမီးလောင်တဲ့ကိစ္စကို သူတို့ အစိုးရ (တရုတ် အစိုးရအဖွဲ့ကိုယ်စားလှယ်) ဘာပြောလဲ ဆိုရင် ဗမာပြည်ဘက်က တောမီးဟာ သူတို့ နိုင်ငံဘက်ကို ဝင်ရင် သူတို့ဘက်က ဆုံးရှုံး တယ်ပေါ့ဗျာ။ အဲဒီတော့ ဗမာပြည်ဘက်က  ထိန်းသိမ်းပေးပါ။ သူတို့ ဆုံးရှုံးမှုတွေကိုပါ ပေးလျော်ရမယ့်ပုံစံမျိုး ပြောတယ်ဗျ။ တောမီးလောင်တာ တို့ဆီမှာ တော်တော်လေးနည်းတယ်။ ဒါပေမဲ့  လောင်တဲ့နေရာတွေကြည့်ရင် တရုတ်ဘက်ကလူတွေ တရားမဝင်လာပြီးတော့ စိုက်ပျိုးမြေဖော်ထုတ်မှုတွေကြောင့် လောင်တယ်။ တို့ဘက်က ဖော်ထုတ်တာ  ဒီလောက်ကြီးကြီးမားမား မလောင်ဘူး”ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ပြောကြားသည်။တရုတ်နိုင်ငံ အစိုးရအဖွဲ့ကိုယ်စားလှယ်များမှ မြန်မာ-တရုတ်နယ်စပ်တွင် တောမီးလောင်ကျွမ်းမှု ရှိခဲ့ပါက ဝင်ရောက်မီးငြှိမ်းသတ်ခွင့် တောင်းဆိုမှုများရှိခဲ့ကြောင်း၊ ယင်း တောင်းဆိုမှုကို  မြန်မာအစိုးရအဖွဲ့ကိုယ်စား လှယ်များက ပိုင်နက်ကျူးကျော်ခြင်း ဖြစ်သဖြင့် ခွင့်မပြုနိုင်ကြောင်း ဆွေးနွေးပွဲအတွင်း ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံမှာ သစ်အခြေခံစက်မှုဇုန် တည်ဆောက်ရေးအပါအဝင် တင်ဒါစနစ်ဖြင့် သစ်အလုံးလိုက် ဝယ်ယူရန် မြန်မာအစိုးရအဖွဲ့သို့တောင်းဆိုမှုများကိုလည်း လက်မခံနိုင်ကြောင်း အကြောင်းပြန်ထားသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားသည်။လတ်တလောထွက်ပေါ်နေသည့် တရုတ်နိုင်ငံကို သစ်ရောင်းချခွင့်၊ သစ်စိုက်ပျိုးခွင့်နှင့် နယ်စပ်ဖြတ်ကျော်သစ်ကုန်သွယ်မှု တရားမဝင်ဖြစ်ရန် ခွင့်ပြုမည့် နားလည်မှု စာချွန်လွှာရေးထိုးရန် သတင်းထွက်ပေါ်မှုမှာလည်း မှားယွင်းနေသော အချက်အလက်ဖြစ်ကြောင်း သိရသည်။တရားမဝင်သစ် တရုတ်နိုင်ငံသို့ ဝင်ရောက်မှုများ အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ သစ်တောသယံဇာတများ ခုတ်ယူသုံးစွဲမှုများကို တရုတ်နိုင်ငံအစိုးရမှ ယခင်ထက်ပိုမိုပြီး ထိန်းချုပ်ပေးရန်အတွက်သာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားသည်။                             

Most Read

Most Recent