ပြည်တွင်းခရီးသွား ကုမ္ပဏီများ ဧရာဝတီတိုင်းရှိ ဂေါ်ရန်ဂျီကျွန်း၊ မြိတ်ကျွန်းစု ကော့သောင်းမြို့ရှိ ညောင်ဦးဖီးကျွန်းနှင့် သူဌေးကျွန်းများသို့ ခရီးစဉ်သစ်များ စီစဉ်ရောင်းချလာကြကြောင်း သတင်းရရှိသည်။အဆိုပါ ခရီးစဉ်များအား ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင်မှ ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှု ရှိလာကြသဖြင့် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းရှိ ဂေါ်ရန်ဂျီကျွန်း ခရီးစဉ်တွင် သဘာ၀ အလှအပများ ပေါများစွာ ကျန်ရှိနေသည့် ကျွန်းတစ်ခုဖြစ်သည့် ဂေါ်ရန်ဂျီကျွန်းနှင့် အရိုင်းဆန်ဆန် လှပချစ်စရာကောင်းသည့် နံ့သာပုရွာ ခရီးစဉ်၊ အုန်းတောများနှင့် လှပသည့် လိပ်ချိုင်ကျွန်း၏ တောင်ထိပ်မှ ဂေါ်ရန်ဂျီကျွန်း အလှအပများကို ခံစားနိုင်မည်ဟု ဆိုသည်။“ဂေါ်ရန်ဂျီကျွန်းကို သွားမယ်ဆိုရင် ငွေဆောင်ကနေ ကားနဲ့ လေးနာရီလောက် ဆက်သွားပြီး စက်လှေနဲ့ရော ဆိုင်ကယ်နဲ့ပါ ဆက်သွားရပြီးမှ ငရုတ်ကောင်းမြို့ကို ရောက်ပါမယ်။ ငရုတ်ကောင်းကနေ စက်လှေတစ်ဆင့် ဆိုင်ကယ်စီးပြီးမှ နံ့သာပုရွာကို ရောက်မှာပါ။ ရွာကနေမှ ဂေါ်ရန်ဂျီကျွန်းကို ရောက်မှာပါ။ ဒီခရီးစဉ်က စက်လှေနဲ့ရော ဆိုင်ကယ်နဲ့ပါ သွားရမယ်။ လှေကားထစ်တွေလည်း ၄၀၀ လောက် တက်ရမယ်ဆိုတော့ အပန်းဖြေသက်သက် မဟုတ်ဘဲ စွန့်စားခရီးသွားချင်တဲ့ သူတွေအတွက် နှစ်သက်မယ့် ခရီးစဉ် ဖြစ်မှာပါ။ ကျွန်မတို့ ကုမ္ပဏီက ဖေဖော်ဝါရီ ၁၁ ရက်မှာက ပထမဆုံး ခရီးစဉ် စထွက်ပါမယ်” ဟု 5 ladies Travels & Tours ခရီးသွား ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မြိတ်ကျွန်းစု အတွင်းရှိ Harris Island အား ၂၀၁၅ ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
မြန်မာပြည် တောင်ဘက်စွန်းပိုင်းရှိ မြိတ်ကျွန်းစုမှ အက်ဒမန်ပင်လယ်ထိ သွားရောက်လည်ပတ်နိုင်မည့် ကော့သောင်းမြို့အနီး ကျွန်းများဖြစ်သည့် သူဌေးကျွန်း၊ ကြက်မောက်ကျွန်းနှင့် ညောင်ဦးဖီးကျွန်းများသို့လည်း အလည်အပတ် သွားရောက်နိုင်မည့် ခရီးစဉ်များကိုလည်း ခရီးသွားကုမ္ပဏီများက စီစဉ်လာကြပြီဖြစ်သည်။“ညောင်ဦးဖီးကျွန်းက အရမ်းကို လှပတဲ့ ကျွန်းတစ်ခုပါ။ ကျွန်မတို့ ကုမ္ပဏီက ဒီခရီးစဉ်ကို စီစဉ်ဖြစ်တာက ညောင်ဦးဖီးကျွန်း သီးသန့်ခရီးစဉ်က တခြား Tour တွေက စီစဉ်တာ ရှားတယ်။ ပြီးတော့ ကိုယ့်မြန်မာပြည်ရေပိုင်နက်ထဲမှာ ရှိတယ်။ ရေအောက်ကမ္ဘာ အလှအပတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ကော့သောင်းမြို့မှာရှိတဲ့ Victoria Cliff Resort မှာ တည်းခိုခွင့်ပါ အပါအဝင် စီစဉ်ထားပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက် စထွက်မှာပါ” ဟု ကော့သောင်း၊ ညောင်ဦးဖီးကျွန်း Snorkeling ခရီးစဉ်အား ဖေဖော်ဝါရီလအတွင်း ထွက်ခွာရန် စီစဉ်ထားသည့် MAG Travels မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းခရီးသွား ကုမ္ပဏီများ ဧရာဝတီတိုင်းရှိ ဂေါ်ရန်ဂျီကျွန်း၊ မြိတ်ကျွန်းစု ကော့သောင်းမြို့ရှိ ညောင်ဦးဖီးကျွန်းနှင့် သူဌေးကျွန်းများသို့ ခရီးစဉ်သစ်များ စီစဉ်ရောင်းချလာ










