မြန်မာနိုင်ငံအတွင်း သစ်အခြေခံစက်မှုဇုန် တည်ဆောက်ရေး အပါအဝင် တင်ဒါစနစ်ဖြင့် သစ်အလုံးလိုက် ဝယ်ယူရန် တရုတ်နိုင်ငံ၏ တောင်းဆိုမှု မြန်မာအစိုးရ ပယ်ချ

မြန်မာနိုင်ငံအတွင်း သစ်အခြေခံစက်မှုဇုန် တည်ဆောက်ရေး အပါအဝင် တင်ဒါစနစ်ဖြင့် သစ်အလုံးလိုက် ဝယ်ယူရန် တရုတ်နိုင်ငံ၏ တောင်းဆိုမှု မြန်မာအစိုးရ ပယ်ချ
Published 13 January 2016
အောင်ရဲကို

တရုတ်နိုင်ငံ၏ သစ်အခြေခံစ က်မှုဇုန် တည်ဆောက်ရေး အပါအဝင် တင်ဒါစနစ်ဖြင့် သစ်အလုံးလိုက် ဝယ်ယူရန် တောင်းဆိုမှုကို မြန်မာအစိုးရက ပယ်ချခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက ဇန်နဝါရီ ၁၂ ရက်က ပြောကြားသည်။တရုတ်နိုင်ငံကို သစ်ရောင်းချခွင့်၊ သစ်စိုက်ပျိုးခွင့်နှင့် နယ်စပ်ဖြတ်ကျော် သစ်ကုန်သွယ်မှု တရားဝင်ဖြစ်ရန် ခွင့်ပြုမည့် နားလည်မှု စာချွန်လွှာ ရေးထိုးရန် သတင်းထွက်ပေါ်မှုမှာလည်း မှားယွင်းနေသော အချက်အလက်ဖြစ်ကြောင်း သိရသည်။အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက “တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ ကျွန်တော်တို့ဆီ လာတာပေါ့။ အဲဒီမှာ နှစ်နိုင်ငံ ဆွေးနွေးကြတယ်။ လူမှုအဖွဲ့အစည်းတွေလည်း ပါတယ်။ သူတို့ဘက်က တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့တာကတော့ သူတို့ အနေနဲ့ မြန်မာနိုင်ငံထဲက (ဥပမာ) လားရှိုး၊ မူဆယ် စတဲ့ နေရာတွေမှာ သစ်အခြေခံ စက်မှုဇုန် လုပ်ဖို့နဲ့ တင်ဒါစနစ်နဲ့ သစ်အလုံးလိုက်ပေးဖို့ ပြောတာကို ကျွန်တော်တို့ ဝန်ကြီးဌာနက ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်ထားပါတယ်” ဟု ဆိုသည်။တရုတ်နိုင်ငံ မြန်မာနိုင်ငံ အတွင်းသို့ သစ်အခြေခံစက်ရုံ တည်ဆောက်ခွင့် အပါအဝင် သစ်အလုံးလိုက် ရောင်းချမှုကို ယခုလည်း မလုပ်ကြောင်း၊ နောင်လည်း လုပ်မည်မဟုတ်ကြောင်း အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက ပြတ်သားစွာ ပြောကြားသည်။တရားမဝင်သစ် တရုတ်နိုင်ငံသို့ ဝင်ရောက်မှုများကို ထိန်းချုပ်ရန် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ သွားရောက်မှုများ ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံ အစိုးရအဖွဲ့ ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံသို့ လာရောက်ပြီး ယင်းကဲ့သို့ တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။မြန်မာအစိုးရအဖွဲ့ ကိုယ်စားလှယ်များ တရုတ်သို့ သွားရောက်ဆွေးနွေးစဉ် တရုတ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပေးခဲ့ပြီး ယူနန်ပြည်နယ်တွင် တရုတ်စာဖြင့် “မြန်မာနိုင်ငံ၏ မည်သည့်ဒေသ၊ မည်သည့်လမ်းကြောင်းမှမဆို ရောက်ရှိလာသော သစ်အလုံးလိုက် ဝင်ရောက်ခွင့် မပြုကြောင်း” ထုတ်ပြန်ခဲ့သည်ဟု သိရသည်။တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ သစ်များခိုးထုတ်မှုမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း သစ်အလုံးလိုက် ခိုးထုတ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံဖိုးခန့် အကျိုးအမြတ် ရရှိခဲ့ကာ တမလန်းသစ်များ ခိုးထုတ်၍ လက်လီနှင့် သစ်အချောထည်အဖြစ် ပြောင်းလဲမှုကြောင်း ၂၀၁၄ ခုနှစ် တစ်ခုတည်းမှာပင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံဖိုးခန့်အထိ အကျိုးအမြတ် ရရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏သစ်များ အဆမတန် အကျိုးအမြတ် ထုတ်နေမှုအပေါ် ဖော်ထုတ်ခဲ့သည့် အင်္ဂလန်နိုင်ငံ အခြေစိုက် EIA ၏ စာရင်းများအရ မြန်မာနိုင်ငံ၏ သစ်များ ခိုးထုတ်၍ တရုတ်နိုင်ငံ အတွင်းရှိ သစ်များအား ထိန်းသိမ်းနိုင်ခဲ့မှုကြောင့် ကမ္ဘာ့သစ်တော ပြန်လည်ဖုံးလွှမ်းမှု မြင့်တက်ခဲ့သည့် နိုင်ငံများ စာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့သစ်တော အများဆုံး ပြုန်းတီးနေသည့် နိုင်ငံများစာရင်းတွင် ကမ္ဘာ့သစ်တောပြုန်းတီးမှု အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့သည်။ယင်းအပြင် မြန်မာနိုင်ငံ၏ သစ်ထွက်ရှိနိုင်မှု အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်နေပြီး တရားဝင် သစ်ထုတ်လုပ်မှုကို အကြီးအကျယ် လျှော့ချနေရကြောင်း အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဇန်နဝါရီ ၁၂ ရက်က ပြောကြားသည်။    

Most Read

Most Recent