SMIDB ဘဏ်က SMEs လုပ်ငန်းရှင်များအား တစ်နှစ်လျှင် အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် စတင်ချေးခဲ့သည့် ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ သုံးနှစ်အတွင်း လုပ်ငန်းရှင် ၁၃၀၀ ကျော်ကို ချေးငွေထုတ်ချေးထား

SMIDB ဘဏ်က SMEs လုပ်ငန်းရှင်များအား တစ်နှစ်လျှင် အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် စတင်ချေးခဲ့သည့် ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ သုံးနှစ်အတွင်း လုပ်ငန်းရှင် ၁၃၀၀ ကျော်ကို ချေးငွေထုတ်ချေးထား
Published 13 January 2016
သက်ထား

အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) က ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ သုံးနှစ်တာ ကာလအတွင်း အသေးစား၊ အလတ်စား လုပ်ငန်းရှင် (SMEs) ၁၃၀၀ ကျော်ကို ချေးငွေထုတ်ချေးပြီး ဖြစ်ကြောင်း SMIDB ဘဏ်မှ သိရသည်။ယင်းသို့ ချေးငွေထုတ်ချေးခြင်းကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် ထုတ်ချေးခြင်းဖြစ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ ထောက်ခံချက် ရရှိသည့် လုပ်ငန်းရှင်များကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။“SMIDB ဘဏ်ကနေပြီး သက်ဆိုင်ရာ အစိုးရ ထောက်ခံချက်နဲ့ တင်ပြလာတဲ့ လုပ်ငန်းရှင်တွေကို သတ်မှတ်ချက်နဲ့ ပြည့်စုံရင် ထုတ်ချေးပေးပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တစ်ဦးကို အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးပေးပါတယ်” ဟု SMIDB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ချေးငွေ ချေးလိုသည့် လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ ထောက်ခံချက် ရရှိရန် လိုအပ်ပြီး ယင်းသို့ ထောက်ခံချက် ရရှိပြီးမှသာ SMIDB ဘဏ်မှ ထုတ်ချေးပေးကြောင်း သိရသည်။ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ချေးငွေထုတ်ချေးခြင်းကို တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပြီး အပေါင်ပစ္စည်းပေါ် မူတည်ကာ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးကာ ယင်းချေးငွေကို သုံးနှစ်အတွင်း ပြန်လည်ဆပ်ရမည်ဖြစ်သည်။စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် SMEs လုပ်ငန်းပေါင်း ၁၂၀၀၀၀ ကျော်ရှိနေပြီး မြန်မာ့စီးပွားရေး လုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ အသေးစား၊ အလတ်စား လုပ်ငန်းရှင် အများစုမှာ ချေးငွေရယူရန်အတွက် အပေါင်ပစ္စည်း ပြရသောကြောင့် အခက်အခဲများ ရှိနေကြောင်း သိရသည်။ထို့ပြင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ Two Steps Loan ဖြင့် ချေးယူသည့် ကျပ်ငါးဘီလျံကိုလည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စတင်ထုတ်ချေးမည်ဖြစ်ကာ ရန်ကုန်တိုင်း ဒေသကြီးရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များကို ထုတ်ချေးရန် အဓိကထား ရွေးချယ်ထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent