ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) တွင် ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ ညီလာခံ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ သံတမန်များ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ယခု ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ စသည့် ခေါင်းစဉ်ကြီးငါးရပ်မှ ကဏ္ဍတစ်ခုစီကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားရာ ယခုကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် စုစည်းနိုင်ခဲ့သည့် အကြီးမားဆုံးသော တိုင်းပြု ပြည်ပြု ကိစ္စကြီး တစ်ရပ်ကို အစပြုလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော် သမ္မတက “လွတ်လပ်ရေး ရပြီးတည်းက ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ် ပြဿနာတွေကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ အခါမှာတော့ လက်နက်ကိုင် တပ်ဖွဲ့များသာမက သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုတွေနဲ့ လူထုအဖွဲ့အစည်းတွေပါ ကိုယ်စားပြု ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မှာ အပစ်အခတ် ရပ်စဲရေးထက် ကျော်လွန်တဲ့ နိုင်ငံရေး သဘောတူညီ ချက်တွေကိုလည်း ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။ အဓိကအချက် အနေနဲ့ကတော့ လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်း အဖြေရှာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ထူထောင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင်ကျင်းပ ရခြင်းဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အခြေခံပြီး စာချုပ်ပါ အချိန်ဇယားအတိုင်း နိုင်ငံရေးဆွေးနွေးမှု ဖြစ်စဉ်ကို အစပြု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှု သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မရရှိဖူးခဲ့တဲ့ နိုင်ငံရေး တည်ငြိမ်မှုနဲ့ ပွင့်လင်းလွတ်လပ်မှုတွေကို အခြေခံပြီး ဒီကနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို ကျင်းပနိုင်မှာ ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင်ကျင်းပ နိုင်ခြင်းဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှု တစ်ခုကို စနစ်တကျ စတင်နိုင်ပြီး တည်ငြိမ်တဲ့ အရွေ့တစ်ခု ပေါ်ပေါက်ရေးကို စီမံခန့်ခွဲနိုင်ခြင်းရဲ့ အကျိုးရလဒ် တစ်ခုအဖြစ်လည်း ရှုမြင်ကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
နိုင်ငံတော် သမ္မတသည် ညီလာခံအဖွင့် မိန့်ခွန်းပြောကြားပြီးနောက် တက်ရောက်လာ သူများအား နှုတ်ဆက်ကာ အခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။ ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့က ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည်။
လက်ရှိအချိန်သည် ပြည်သူပြည်သား တိုင်းရင်းသားများက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ပေးထားသော လုပ်ပိုင်ခွင့် အာဏာပေါ် အခြေခံ၍ ထာဝရငြိမ်းချမ်းရေး ရယူရမည့် တာဝန်ကို ထမ်းဆောင်ရန် အဆင်သင့် ရှိပါသည်ဟု ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပြီး အားလုံးက ပူးပေါင်းပါဝင် ကူညီကြမည်ကိုလည်း အထူးမျှော်လင့်သည်ဟု ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) စသည်တို့နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှု ပြုလုပ်ခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီစသည့် အစုအဖွဲ့ အသီးသီးမှ ရွေးချယ်တင်မြှောက်ထားသော ညီလာခံ သဘာပတိများအား အတည်ပြုခြင်း၊ ညီလာခံကျင်းပမည့် ပုံစံနှင့် အစီအစဉ်များ ရှင်းလင်းခြင်း၊ ညီလာခံ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းတင်ပြခြင်းနှင့် အကြောင်းအရာအလိုက် ဆွေးနွေးရန်အတွက် အကျိုးဆောင်များ သတ်မှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀၊ တရားဝင်နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ နှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ဖြင့် ကျင်းပနေခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ နေပြည်တော်တွင် စတင်ကျင်းပ















