တာပိန် (၁) ရေအားလျှပ်စစ် စက်ရုံမှ မဂ္ဂါဝပ် ၂၄၀ ရှိ ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ရန် ဓာတ်အားလိုင်း တည်ဆောက်ရေး မြန်မာ-တရုတ် လက်မှတ်ရေးထိုး

တာပိန် (၁) ရေအားလျှပ်စစ် စက်ရုံမှ မဂ္ဂါဝပ် ၂၄၀ ရှိ ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ရန် ဓာတ်အားလိုင်း တည်ဆောက်ရေး မြန်မာ-တရုတ် လက်မှတ်ရေးထိုး
Published 12 January 2016
နီလာ

ကချင်ပြည်နယ် အတွင်းရှိ တာပိန်(၁) ရေအားလျှပ်စစ် စက်ရုံမှ မဂ္ဂါဝပ် ၂၄၀ ရှိ ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ရန် ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန် မြန်မာနှင့် တရုတ်ကုမ္ပဏီ တစ်ခုတို့ ဇန်နဝါရီ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
လျှပ်စစ်ဓာတ်အားများကို မြန်မာ့ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားလိုင်း တည်ဆောက်ရေးအတွက် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းနှင့် Central China Power Grid Internationl Economic and Trade Co.Ltd and Union Resources & Engineering Co.Ltd တို့အကြား စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းများမှာ တာပိန်(၁) ဓာတ်အားပေး စက်ရုံတွင်ရှိသော မဂ္ဂါဝပ် ၂၄၀ ဓာတ်အားများကို ဗန်းမော်မှ နဘားခွဲရုံ၊ ၎င်းင်းမှ တစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ရွှေဘို၊ အုန်းတော၊ မုံရွာတစ်ဝိုက်နှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ရန်အတွက် ၂၃၀ ကေဗွီဗန်းမော်-နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း ၂၅၅ မိုင်တည်ဆောက်ခြင်း၊ နဘားခွဲရုံ၊ ရွှေဘိုဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းများကို Turnkey စနစ် အပ်နှံဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဗန်းမော်-နဘား ဓာတ်အားလိုင်း ၇၅ မိုင်တည်ဆောက်ခြင်း အတွက် နှစ်နှစ်ခန့်နှင့် နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း မိုင် ၁၈၀ တည်ဆောက်ခြင်း နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဟိုပင်မြို့နယ်ခွဲရှိ ဂလိုင်ချောင်း ရေအားလျှပ်စစ်စက်ရုံမှ သုည ဒသမ ၃၆ မဂ္ဂါဝပ် နှစ်လုံးဖြင့် ၁၉၉၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် မိုးညှင်း၊ ဟိုပင်နှင့် နမ္မားမြို့များသို့  ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ၁ ဒသမ ၂၅ မဂ္ဂါဝပ် လေးလုံးတပ်သည့် မိုးကောင်းမြို့နယ်ရှိ နမ့်ခမ်းရေအားလျှပ်စစ် စက်ရုံမှ လည်းကောင်း၊ ၂၀၀၇ ခုနှစ် မတ် ၂၃ ရက်တွင် ၃ ဒသမ ၅ မဂ္ဂါဝပ် သုံးလုံးတပ်ဆင်သည့် ဘူးဂါး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းပိုင် မလိခရေအား လျှပ်စစ်စက်ရုံမှ လည်းကောင်း၊ ထို့အပြင် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်တွင် စက်တပ်အင်အား မဂ္ဂါဝပ် ၆၀ လေးလုံးဖြင့် တာပိန် ရေအားလျှပ်စစ်စက်ရုံမှ လည်းကောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် စက်တပ်အင်အား ၃၃ ဒသမ ၃ မဂ္ဂါဝပ်သုံးလုံးဖြင့် ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံမှလည်းကောင်း လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်နိုင်ခဲ့သည်။

Most Read

Most Recent