လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ပြောကြား

လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ပြောကြား
Published 12 January 2016
ဇော်ဝေ

လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ကျင်းပသည့် "New Myanmar Beyond 2015: The Need for New Paradigm" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ လာရောက်စဉ် မီဒီယာအချို့၏ မေးမြန်းမှုအပေါ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အစိုးရသစ် လက်ထက်မှာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အနောက်နိုင်ငံတွေက ပိုပြီးတော့ ဝင်လာနိုင်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ EU နဲ့ Bilateral Protection Agreement လုပ်ထားတာလည်း ၂၀၁၆ ခုနှစ်ထဲမှာ ပြီးသွားနိုင်တယ်။ ပထမနှစ်ဝက်လောက်မှာ ပြီးသွားနိုင်တယ်ပေါ့။ ပြီးသွားရင် EU ဘက်က အရင်ထက် ပိုပြီးတော့ စိတ်ချလက်ချ ယုံယုံကြည်ကြည် ပိုဝင်လာနိုင်မယ်။ အဲဒီတော့ အဓိကတော့ EU ဝင်လာမယ်။ အကြောင်း အမျိုးမျိုးကြောင့် အခြေအနေ ပေးလာမယ်ဆိုရင် အမေရိကန်ဘက်က Investment တွေလည်း ဝင်လာမယ်။ တစ်ဖက်ကလည်း ဂျပန်ကလည်း ဆက်အားကောင်းနေမှာဖြစ်တယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာခြောက်ဘီလျံ ရရှိရန် မျှော်မှန်းထားပြီး ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄ ဒသမ ၁ ဘီလျံရှိပြီး ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံ လာရောက်ရင်းနှီး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဝင်ရောက်မြှုပ်နှံမှုပြုသည့် နိုင်ငံများမှာ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ တရုတ်၊ ဟောင်ကောင်၊  အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ နယ်သာလန်နှင့် ဗြိတိန် စသည့်နိုင်ငံတို့မှ ဝင်ရောက်မြှုပ်နံှမှု ပြုလုပ်ထားခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် မြှုပ်နှံမှု ပြုလုပ်ထားကြခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလအထိ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုကို ကြည့်မည် ဆိုပါက စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁၂၁ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေပြီး တရုတ်နိုင်ငံက ဒေါ်လာ ၆၆၅ သန်းကျော်ဖြင့် ဒုတိယအများဆုံး ဝင်ရောက်မြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံမှု ပမာဏမှာမူ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၂၀၄၉ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၇၃၆ သန်းကျော်ဖြင့် ဒုတိယအများဆုံး မြှုပ်နှံသည့် ကဏ္ဍဖြစ်ကာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၆၈၅ သန်းကျော်ဖြင့် ဝင်ရောက် မြှုပ်နှံထားပြီး အခြားကဏ္ဍများတွင်လည်း ဝင်ရောက်မြှုပ်နှံမှု ပြုထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ လျာထားချက်နှင့် အမှန်ခွင့်ပြုပေးခဲ့သည့် ပမာဏများကို ကြည့်မည်ဆိုပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း တစ်ဘီလျံ ဝင်ရောက်ရန် လျာထားခဲ့ပြီး အမှန်ခွင့်ပြု ပမာဏမှာ ဒေါ်လာ ၃ ဒသမ ၄၁၉ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း သုံးဘီလျံ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြု ပမာဏမှာ ဒေါ်လာ ၄ဒသမ ၁၀၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာလေးဘီလျံ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြု ပမာဏမှာ ဒေါ်လာ ၈ ဒသမ ၀၁၀ သန်းကျော်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။       

Most Read

Most Recent