ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေထွက်ကုန်ပစ္စည်း ဝယ်ယူမှု လျော့ကျနေသည့်အတွက် စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု ကျဆင်းနေကြောင်း သတင်းရရှိသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စစ်တွေနယ်စပ် စခန်းမှ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၄ ဒသမ ၃၃၀ သန်း ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် ဒေါ်လာ ၀ ဒသမ ၃၉၈ သန်း လျော့ကျခဲ့ကြောင်း သိရသည်။ အလားတူ မောင်တောနယ်စပ် ကုန်သွယ်ရေးမှ လက်ရှိ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃ ဒသမ ၆၂၁ သန်း ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာ ၁ ဒသမ ၇၂၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်ဦးစားပေး ကုန်သွယ်မှု ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ် ကုန်သွယ်အချင်းချင်း ယုံကြည်မှု ကျဆင်းခဲ့သည့်အပြင် မြန်မာမှ အဓိက တင်ပို့ကုန်များဖြစ်သော ရေချိုငါးနှင့် ရေငန်ပုစွန်ကျား တင်ပို့မှု ကျဆင်းခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်မှုမှာ အကျဘက်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။“ကုန်သွယ်မှု တိုးတက်ဖို့ဆိုတဲ့ အပိုင်းမှာ နှစ်ဖက်နိုင်ငံက ကုန်သည်အချင်းချင်း ယုံကြည်မှု ခိုင်မာဖို့ လိုတယ်။ ထိတွေ့ဆက်ဆံမှုနဲ့ တိုက်ရိုက်မှာယူ တင်ပို့နိုင်ဖို့ လိုပါတယ်။ အခုက ကြားခံပွဲစားတွေကတစ်ဆင့် လုပ်နေတဲ့အခါ ကုန်သွယ်မှုက တက်မလာဘူး” ဟု ကုန်သွယ်မှု တိုးတက်ရန် ဆိုသည့် အပိုင်း၌ နှစ်ဖက်နိုင်ငံမှ ကုန်သည်အချင်းချင်း ယုံကြည်မှု ခိုင်မာရန် လိုအပ်ကြောင်းနှင့် ပတ်သက်၍ စစ်တွေနယ်စပ် ကုန်သည်တစ်ဦးက ပြောကြားသည်။ထို့ပြင် ဝယ်ယူသူ ဈေးကွက်အဖြစ် တစ်ဖက်နိုင်ငံမှ ဈေးကွက် တစ်ခုလုံးကို ထိန်းချုပ်ခံနေရပြီး မိမိတို့နိုင်ငံမှ တင်ပို့ကုန်များအား ဈေးနှိမ်ခြင်းများ ရှိနေသဖြင့် နယ်စပ်ကုန်သည်များ အနေဖြင့် အကျိုးအမြတ် ရရှိရန် မသေချာတော့သဖြင့် ကုမ္ပဏီများ အနေဖြင့် နယ်စပ်ကုန်သွယ်မှုကို လုပ်ဆောင်ခြင်း မရှိတော့ကြောင်း သိရသည်။“အခု မောင်တောနယ်စပ် ကုန်သွယ်မှုက ကျဆင်းနေတယ်။ ဘာကြောင့် ကျဆင်းရလဲဆိုတော့ ရေငန်ပုစွန် တင်ပို့မှု ကျနေတဲ့အတွက် ဖြစ်တယ်။ အခုလောက် ကုန်သွယ်မှု ပမာဏ ရောက်တာတောင် ငါးခြောက်နဲ့ ဆန်နည်းနည်း ပို့နိုင်လို့ ဖြစ်ပါတယ်။ ဒီက ကုမ္ပဏီတွေကလည်း ကုန်သွယ်မှုကို မလုပ်ကြတော့ဘူး။ အခုလုပ်နေတဲ့ ကုမ္ပဏီ တချို့တောင် ပွဲစားအဆင့် လုပ်နေတာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို တစိုက်မတ်မတ် လုပ်တဲ့ ကုမ္ပဏီ နည်းသွားပါပြီ” ဟု မောင်တောနယ်စပ် ကုန်သည်တစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုထိ ရှိနေပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး တစ်ခုသာလျှင် ပို့ကုန်ဦးစားပေး တင်ပို့နေခြင်း ဖြစ်သဖြင့် မောင်တောနယ်စပ်တွင် ကုန်သွယ်ရေးဇုန်နှင့် အဆင်မြင့် ဈေးတစ်ခု ဖြစ်ပေါ်လာလျှင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည်များကိုယ်တိုင် လာရောက်ပြီး အဆင့်မြင့်ဈေးတွင် ပြသရောင်းချနေသော ကုန်များအား လက်ငင်း ဝယ်ယူလာနိုင်သော အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်သဖြင့် နယ်စပ်ကုန်သွယ်ရေး တိုးတက်မှု ရှိလာမည်ဖြစ်ကြောင်း မောင်တောနယ်စပ် ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေထွက်ကုန်ပစ္စည်း ဝယ်ယူမှု လျော့ကျနေသည့်အတွက် စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု ကျဆင်းနေ










