မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင်မြို့နယ် ကံကောင်းခြင်း ရတနာ သစ်အချောထည် စက်ရုံတွင် လုပ်အားခများကို ထက်ဝက်ခန့် လျှော့ချခဲ့ခြင်းနှင့် ပတ်သက်၍ အလုပ်သမားများ ရှင်းလင်းပွဲပြုလုပ်

မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင်မြို့နယ် ကံကောင်းခြင်း ရတနာ သစ်အချောထည် စက်ရုံတွင် လုပ်အားခများကို ထက်ဝက်ခန့် လျှော့ချခဲ့ခြင်းနှင့် ပတ်သက်၍ အလုပ်သမားများ ရှင်းလင်းပွဲပြုလုပ်
Published 11 January 2016
လဲ့လဲ့အောင်

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းကျေးရွာရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံတွင် အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်ပြီးနောက် အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ ဌာနအလိုက် လုပ်အားခများကို ထက်ဝက်ခန့် လျှော့ချခဲ့မှုနှင့် ပတ်သက်ပြီး အလုပ်သမားများမှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ကံကောင်းခြင်းရတနာ သစ်အချောထည် စက်ရုံတွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်၍ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ  ယင်းသို့ သတ်မှတ်ပြီးနောက်ပိုင်း ဌာနအလိုက် သတ်မှတ်ထားသော လုပ်အားခ နှုန်းထားများကို ထက်ဝက်ခန့်မှ သုံးပုံနှစ်ပုံခန့်အထိ လျှော့ချ သတ်မှတ်လိုက်ကြောင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများနှင့် ပတ်သက်၍ အလုပ်သမားများမှ မန္တလေး၊ အောင်တံခွန် ခန်းမတွင် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့သည်။
အလုပ်သမားများအနေဖြင့် ယခင်က တစ်ရက် အလုပ်သမားတစ်ဦးလျှင် ဝင်ငွေ ၁၅၀၀၀ ကျပ် ရရှိခဲ့သော Composer ဌာနတွင် ယခုအခါ လျှော့ချ သတ်မှတ်လိုက်သည့်အတွက် တစ်ဦးလျှင် တစ်ရက်ဝင်ငွေမှာ ကျပ် ၂၅၀၀ ကျော်သာ ရရှိတော့ကြောင်း ထို့အတူ အခြားဌာနများဖြစ်သော အရှေ့ပိုင်းလွှာစက်၊ ကော်စက် လက်ကပ်ဌာန၊ Exp ရေဘော်ဌာန၊ ကော်ပတ်စား စသည့် ဌာနများတွင်လည်း တစ်ဦးလျှင် တစ်ရက်ရရှိဝင်ငွေမှာ ထက်ဝက်ခန့် လျော့နည်းသွားကြောင်း အလုပ်သမားများက ရှင်းလင်း ပြောကြားခဲ့သည်။
“အရင်က ညီမတို့အနေနဲ့ တစ်လကို ဝင်ငွေပေါင်းလိုက်ရင် နှစ်သိန်းနဲ့ နှစ်သိန်းခွဲ ဝန်းကျင် ရခဲ့တာကနေ ၃၆၀၀ သတ်မှတ်ပြီး နောက်ပိုင်းမှာ တစ်သိန်းဝန်းကျင်ပဲ ရတော့တယ်။ အလုပ်ရှင်က ၃၆၀၀ နဲ့တွက်ပြီး တစ်လ ၁၀၈၀၀၀ ပြည့်အောင် ဖြည့်ပေးပေမယ့် ဖူလုံရေးကြေးနုတ်ပြီး ၁၀၅၀၀၀ ဝန်းကျင်ပဲ ရတယ်။ အရင်တုန်းကထက်စာရင် ဝင်ငွေ သိသိသာသာ လျော့သွားတယ်”ဟု စက်ရုံအလုပ်သမား မစန်းစန်းရီက ပြောကြားသည်။
အလုပ်ရှင်အနေဖြင့် ယခုကဲ့သို့ လုပ်အားခများအား လျှော့ချသတ်မှတ်လိုက်ခြင်းမှာ ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲမှုရှိနေပြီး နည်းဥပဒေကို ဖောက်ဖျက် လုပ်ဆောင်ရာကျကြောင်း အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များ ပြောကြားချက်အရ သိရသည်။
“ကျပ် ၃၆၀၀ သတ်မှတ်တာနဲ့ ပတ်သက်ပြီး အလုပ်ရှင် အလုပ်သမားကြားမှာ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးရှိလာတယ်။ ဥပဒေက ကျပ် ၃၆၀၀ မပြည့်တဲ့ လုပ်ငန်းတွေကို အနည်းဆုံး ကျပ် ၃၆၀၀ သတ်မှတ်ပေးဖို့ ဖြစ်ပြီး ပိုတာကို လျှော့ချပစ်ဖို့ ဥပဒေမဟုတ်ပါဘူး။ အလုပ်ရှင်တွေအအနေနဲ့ ဥပဒေကိုခုတုံး လုပ်ပြီး အခုလို လုပ်မယ်ဆိုရင် အရည်အချင်းရှိတဲ့ အလုပ်သမားတွေ ဆုံးရှုံးနိုင်သလို အလုပ်ရှင်ဘက်လည်း ထုတ်ကုန်ထုတ်လုပ်မှုဘက်မှာ လျော့ကျမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်ရှင်အနေနဲ့ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆောင်ရွက်ပေးစေလိုပါတယ်”ဟု အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (အထက်မြန်မာပြည်) မှ ဦးစောလှအောင်က ဆိုသည်။

Most Read

Most Recent