ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား အကောင်အထည်ဖော်မည် ဖြစ်သဖြင့် ရန်ကုန်နှင့် ပဲခူးမြို့ အကြား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် မြန်မာနှင့် ကိုရီးယား ပူးပေါင်း၍ သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည်

ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား အကောင်အထည်ဖော်မည် ဖြစ်သဖြင့် ရန်ကုန်နှင့် ပဲခူးမြို့ အကြား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် မြန်မာနှင့် ကိုရီးယား ပူးပေါင်း၍ သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည်
Published 11 January 2016
နီလာ

ပဲခူးမြို့တွင် ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းမှာ မဖြစ်မနေ အကောင်အထည်ဖော်မည် ဖြစ်သဖြင့် ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့အကြား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကိုရီးယား (KOICA) တို့ ပူးပေါင်းပြီး သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။ရန်ကုန်မြို့တွင် တိုးပွားလာမည့် လူဦးရေအတွက် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ ပဲခူးမြို့တွင်လည်း ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် စီစဉ်လျက် ရှိနေသည်။ ယင်းသို့သော အခြေအနေတွင် စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် အလားအလာကောင်းများ ရှိနေသည့် ပဲခူးအကြား ဖွံ့ဖြိုးရေး အလားအလာများနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ စနစ်တကျ ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“အခုမှ စမှာပါ။ ရန်ကုန် အနောက်တောင်ပိုင်းခရိုင် ဖွံ့ဖြိုးရေးရယ်၊ ဒလတံတား ဆောက်မယ်လေ။ Regional Development Master Plan ဆွဲမယ်။ ရန်ကုန်-ပဲခူး Corridor ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးနဲ့ KOICA နဲ့ ပေါင်းပြီး သုံးနှစ်စီမံကိန်းနဲ့ လုပ်နေပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။“အခုက International Airport က လုပ်ကိုလုပ်မယ်လေ။ ဆိုတော့ အဲဒါ လုပ်ပြီဆိုရင် အဲဒီ Airport နဲ့ ရန်ကုန်ကြားထဲမှာ မင်္ဂလာဒုံလေဆိပ်တို့၊ သီလဝါဆိပ်ကမ်းတို့ကို Connection ကောင်းအောင်၊ Infrastructure ကောင်းအောင် Road Infrastructure က လိုက်ကို လိုက်ရမှာလေ။ အဲဒီဘက်မှာ ဒီလိုမျိုး Infrastructure တွေ လုပ်ပြီဆိုရင် မြို့ပြဖွံ့ဖြိုးရေးက တောက်လျှောက်လိုက်တာလေ။ အခုပဲ အမှတ် (၃)လမ်းမကြီးဘေးမှာ ဆိုရင် လမ်းကောင်းလာတဲ့အခါ အဲဒီဘေးမှာ တောက်လျှောက်ပြောင်းသွားတာပေါ့။ တစ်နှစ် နှစ်နှစ်အတွင်း အလိုလို ပြောင်းလာတာ။ အဲဒီ သဘောမျိုးပဲ သူ့အလိုလို ဈေးကွက် လိုအပ်ချက်အရ ပြောင်းလာတာ။ လူတွေကို အဲဒါကို လိုက်ဝယ်တာနဲ့ တကယ်တော့ Proper Planning တော့ မဟုတ်ဘူးပေါ့။ အဲဒါတွေ အတွက်တော့ ကြိုပြီး ပြင်သင့်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ စီမံကိန်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။          

Most Read

Most Recent