အလုပ်လျှောက်ရန် ထောက်ခံစာ ရေးမပေးသောကြောင့် Facebook ပေါ် ရေးသားမိသော ကျေးရွာ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးက တရားစွဲ

အလုပ်လျှောက်ရန် ထောက်ခံစာ ရေးမပေးသောကြောင့် Facebook ပေါ် ရေးသားမိသော ကျေးရွာ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးက တရားစွဲ
Published 11 January 2016
မင်းသူဝင်းထွဋ်

မြောင်းမြမြို့ ငမြင်းချောင်း ကျေးရွာတွင် အလုပ်လျှောက်ရန်အတွက် ထောက်ခံစာ သွားရောက်တောင်းသော ကျေးရွာစေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးက သုံးကြိမ်တိုင်တိုင် ထောက်ခံစာ မရေးပေးသောကြောင့် Facebook ပေါ်တွင် ရေးသားမိသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ အီလက်ထရွန်းနစ် ဥပဒေဖြင့် အမှုဖွင့် တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ငမြင်းချောင်းကျေးရွာနေ ကျေးရွာစာသင်ကျောင်းတွင် စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမဒေါ်အိအိဇော်မှာ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခုတွင် အလုပ်လျှောက်ထားရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအုန်းမြင့်ထံတွင် ထောက်ခံစာတစ်ခု ရေးသားပေးရန် သွားရောက်တောင်းဆိုခဲ့ကြောင်း၊ ပထမအကြိမ် တောင်းဆိုရာတွင် ထောက်ခံစာ မရေးတတ်သောကြောင့်ဟု ဆိုကာ ရေးသားပေးခဲ့ခြင်း မရှိကြောင်း၊ ယင်းနေ့တွင်ပင် ဒုတိယအကြိမ်မြောက် သွားရောက်တောင်းခံရာတွင်လည်း မရရှိခဲ့ကြောင်း၊ တတိယအကြိမ်မြောက် သွားရောက် တောင်းခံရာတွင်မူ ထောက်ခံစာရေးသည်မှာ ကျေးရွာစာရေးသာ ရေးသားနေခြင်း ဖြစ်ပြီး ၎င်းမရေးတတ်ဟု ပြောဆိုခဲ့သောကြောင့် ဆရာမဒေါ်အိအိဇော်မှာ ယင်း၏ Facebook စာမျက်နှာပေါ်တွင် “သူငယ်ချင်းတို့ရေ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်လုပ်ပြီး ထောက်ခံစာလေးတောင် မရေးတတ်ဘူးတဲ့ ဒါနဲ့များ တို့ကျေးရွာဖွံ့ဖြိုးဖို့အတွက် ဘယ်လိုများ အားကိုးရမလဲ”ဟု ရေးသားမိခဲ့ကြောင်း၊ ယင်းကဲ့သို့ ရေးသားပြီးနောက် ဆရာမဒေါ်အိအိဇော်၏ မိဘများကိုယ်တိုင် ညပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်၍ ထောက်ခံစာ တောင်းခံသည့်အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ထောက်ခံစာ ရေးသားပေးခဲ့ကြောင်း၊ ထောက်ခံစာ ရရှိပြီးနောက် Facebook စာမျက်နှာပေါ်တွင် ၎င်းအကြောင်းအား ရေးသားသည်ဟုဆိုကာ ဆရာမဒေါ်အိအိဇော်အား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်မှ ယခုကဲ့သို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစွပ်စွဲခံရသူများထံမှ သိရသည်။
“ကျွန်မက ထောက်ခံစာ သွားလုပ်တယ်၊ အလုပ်လျှောက်ဖို့ အရေးကြီးနေလို့ လုပ်ပေးပါ ဆိုတာကို သူက စာမရေးတတ်ဘူးလို့ ပြောတယ်၊ ထောက်ခံစာရေးတာက အခုဆို စာရေး ရေးပေးနေတာ သူကမရေးတတ်ဘူးဆိုတော့ ကျွန်မလည်း သူ့နာမည်တောင် မရေးပါဘူး။ ဂုဏ်သိက္ခာကျဆင်းစေလိုတဲ့ အရေးအသားလည်း မပါ ဘူး ကျွန်မ Facebook မှာ ရေးမိတယ်၊ ဒါနဲ့ သူကစိတ်ဆိုးပြီး တရားစွဲမယ်လို့ ပြောတယ်၊ နောက်ရက်ကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်မတို့ကိုခေါ်တွေ့ပြီးတော့ တောင်းပန်ခိုင်းတယ်၊ ကျွန်မက မမှားတော့ မတောင်းပန်နိုင်ဘူးပေါ့၊ ဒါပေမဲ့ မိဘတွေကပြောလို့ ကျွန်မကျေးရွာက ရပ်မိရပ်ဖတွေကို ခေါ်ပြီးတော့ တောင်းပန်ဖို့သွားတော့ လက်မခံတော့ပါဘူး၊ အခုကျွန်မက အလုပ်လျှောက်ဖို့ ခရီးသွားနေတာ၊ အိမ်မှာ ရဲကလာဖမ်းတယ်လို့ ပြောတယ်၊ ကျွန်မက ကျေးရွာမှာ စေတနာ့ဝန်ထမ်း ဆရာမလည်း လုပ်နေတာဆိုတော့ ဘာလုပ်ရမလဲဆိုတာ မသိတော့ဘူး၊ ကျွန်မကတော့ ကျွန်မအခုလို ဖြစ်နေတာထက် ရွာက ကလေးတွေ စာမေးပွဲနီးနေတာကြောင့် သူတို့ ပညာရေးအတွက် စိုးရိမ်တယ် ကျောင်းမှာက ဆရာအင်အားလည်း နည်းတယ်လေ” ဟု အ စွပ်စွဲခံရသူ ဆရာမဒေါ်အိအိဇော်က ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေတစ်ဦးက “ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်ဟာ ထောက်ခံစာ ရေးကို ရေးပေးရမယ် အဲဒါသူ့တာဝန်ပဲ၊ အခုမရေးပေးလို့ Facebook မှာရေးမိတယ်၊ အမှန်ကို အမှန်တိုင်း ရေးတာကို တရားစွဲတယ်၊ စွဲတဲ့ ပုဒ်မကလည်း ပုဒ်မ ၅၀၀ လိုမျိုးနဲ့သာ စွဲရမှာကို အမှုဖြစ်စဉ်ကို ပိုကြီးစေတဲ့ ပုဒ်မ တပ်လိုက်တယ်၊ ဒါဟာရဲ့ အကျိုးဆက်က ဘာဖြစ်လာစေမလဲဆိုတော့ ပြည်သူတွေက မတရားမှုတစ်ခုခုကို ခံရရင်တောင်မှ ထုတ်မပြောရဲတဲ့ အခြေအနေကို ရောက်အောင် လုပ်ဆောင်နေသလိ ုဖြစ်နေတယ်” ဟု အမှုဖြစ်စဉ်နှင့် ပက်သက်၍ ဝေဖန် ပြောကြားသည်။
အဆိုပါအမှုအား မြောင်းမြရဲစခန်းမှ (ပ) ၄၀၂/၂၀၁၅၊ အီလက်ထရွန်းနစ် ဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။                         

Most Read

Most Recent