ရတနာမိုင်နှင့် တွေ့ဆုံခြင်း

ရတနာမိုင်နှင့် တွေ့ဆုံခြင်း
Published 10 January 2016
စုမှူးနိုင်

ဂီတအနုပညာနယ်ပယ်မှာ အောင်မြင်မှု ရရှိနေပြီဖြစ်တဲ့ ရတနာမိုင်က သူမရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်စီးရီးကို စီစဉ်နေပြီဖြစ်သလို ဇန်နဝါရီ ၁၄ ရက်မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ရဲ့ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ကပြမယ့် ရခိုင်ရာဇဝင် ပြဇာတ် ‘ပတ္တမြားဒေဝီ စောမဲကျီ’ ပြဇာတ်မှာလည်း ရခိုင်မိဖုရား စောမဲကျီအဖြစ် ပါဝင်ကပြမှာပါ။ သူ့မရဲ့အနုပညာသက်တမ်း တစ်လျှောက်မှာ ပြဇာတ်ကပြမှုကို ပထမဆုံးအကြိမ် တင်ဆက်ရမှာဖြစ်လို့ သူမရဲ့အနုပညာ ပြင်ဆင်မှုတွေနဲ့ ဂီတအနုပညာ ခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .
မေး     ။         ။လက်ရှိလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ပြောပေးပါ။
ဖြေ      ။         ။ညီမလေးအနေနဲ့ ရခိုင်ရာဇဝင် ပြဇာတ်ဖြစ်တဲ့ ‘ပတ္တမြားဒေဝီ စောမဲကျီ’ ပြဇာတ်မှာ ပါဝင်ကပြဖို့အတွက် အခု ဇာတ်တိုက်တာတွေ စာကျက်တာတွေ သေချာလုပ်ဖြစ်နေပါတယ်။ ဒီပြဇာတ်ပြီးရင်တော့ နယ်တွေမှာ သီချင်းသွားဆိုဖို့တွေ ရှိပါတယ်။ ဖေဖော်ဝါရီလထဲမှာလည်း ညီမရဲ့ တစ်ကိုယ်တော် စီးရီးသစ်ဖြစ်တဲ့ ‘သူသိစေ’ ဆိုတဲ့ စီးရီးလေး ထွက်နိုင်ဖို့လည်း စီစဉ်နေပါတယ်။
မေး     ။         ။‘ပတ္တမြားဒေဝီ စောမဲကျီ’ ပြဇာတ်မှာ ပါဝင် ဖြစ်ခဲ့တာလေးကိုလည်း ပြောပြပေးပါဦး။
ဖြေ      ။         ။ ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်) က အန်တီတွေကြောင့်ပါ။ ညီမအနေနဲ့ကတော့ ပြဇာတ် ကတယ်ဆိုတာ ဒါက ပထမဆုံးပါပဲ။ အရင်က သရုပ်ဆောင် လုပ်ဖူးပေမယ့် ဒီလိုမျိုး စင်မြင့်ပေါ်မှာ အမှားမယွင်း မရှိ လက်တန်း သရုပ်ဆောင်ရမှာကိုတော့ နည်းနည်း စိုးရိမ်မိတာတွေရှိပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ။
မေး     ။         ။ ပြဇာတ်ကဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စိုးရိမ်တာ ဘယ်လိုအကြောင်းအရာတွေက အဓိက ဖြစ်မလဲ။
ဖြေ      ။         ။ပြဇာတ်က ပရိသတ်က တိုက်ရိုက်ကြည့်နေချိန်မှာ ကိုယ်က စကားပြောတာရော အက်ရှင်ပိုင်းမှာပါ အမှားမရှိဘဲ လုပ်ရမှာလေ။ မိုင်လေး စိုးရိမ်တာက တစ်ခုခု အလွဲလွဲအချော်ချော် ဖြစ်မှာကိုပါ။ ဥပမာ ကိုယ်ကပြောရမယ့် စာသားတွေ မေ့သွားတာမျိုး၊ သူများက စာသားနည်းနည်းပြောင်းပြီး ပြောမိတဲ့အခါ ကိုယ်က ကြောင်ပြီး ဆက်မပြောနိုင် ဖြစ်မှာမျိုးတွေကို စိုးရိမ်တယ်။ နောက်ပြီး ဒီပြဇာတ်ကဖို့အတွက် ပြင်ဆင်ချိန် ဇာတ်တိုက်ချိန်ကလည်း နည်းတယ်လေ။ ဒါ့အပြင် ကိုယ်ပထမဆုံး ကပြမယ့် ပြဇာတ်က ရခိုင် ရာဇဝင် ပြဇာတ်ဖြစ်တဲ့အတွက် ကိုယ့်အတွက်လည်း တာဝန်ကြီးတဲ့ အနုပညာအလုပ်တစ်ခု ဖြစ်နေသလို ကိုယ်နဲ့ တွဲဖက်သရုပ်ဆောင်ရမယ့် သူတွေကလည်း သရုပ်ဆောင်ဘက်မှာ တကယ်ကို နာမည်ကျော်ပြီး အရမ်းတော်တဲ့ သူတွေဖြစ်နေတာကြောင့်ပါ။  နောက်ပြီး ဒီရာဇဝင်က မိုင်လေးတို့ ငယ်ငယ်တည်းက ကြားဖူးတယ်။ ခုချိန်ထိလည်း နာမည်ကြီးတဲ့ ရာဇဝင်တစ်ခု ဖြစ်တာကြောင့် နတ်လည်းကြီးတယ်။ ဒါကြောင့် မိုင်လေး ပြဇာတ်ကဖို့ ပြင်နေတဲ့ တစ်လျှောက်ကစပြီး  သတ်သတ်လွတ်စားပြီး ဘုရားတရားလည်း  သေချာလုပ်မှာပါ။ အနုပညာတင်ဆက်မှု တွေအတွက်လည်း အကောင်းဆုံး ကြိုးစား ပြင်ဆင်နေပါတယ်။
မေး     ။         ။ဒီပြဇာတ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိလား။
ဖြေ      ။         ။ဒီပြဇာတ်က ရခိုင်တိုင်းရင်းသားတွေရဲ့ ခမ်းနားခဲ့တဲ့ ရာဇဝင်သမိုင်းကြောင်းကို ထင်ဟပ်စေသလို ရခိုင်အမျိုးသမီးတွေရဲ့ သစ္စာတရားကိုလည်း ဖော်ကျူးပါတယ်။ ဒီအတွက် ပါဝင်ခွင့်ရတာကိုလည်း အများကြီး ဝမ်းသာမိပါတယ်။ အကောင်းဆုံးလည်း တင်ဆက်သွားမှာပါ။
မေး     ။         ။ မိုင်လေးရဲ့ အသစ်ထွက်မယ့် တစ်ကိုယ်တော် စီးရီးလေး အကြောင်းလည်း ပြောပြပါဦး။
ဖြေ      ။         ။မိုင်လေးရဲ့ တစ်ကိုယ်တော် စီးရီးသစ်ဖြစ်တဲ့ ‘သူသိစေ’ ဆိုတဲ့ စီးရီးကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖြန့်ချိနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သီချင်းနှစ်ပုဒ်ပဲ သွင်းရသေးတယ်။ မိုင်လေးရဲ့ ကံကိုယ်ကလည်း အနီးကပ်မှပဲ အမြဲတမ်း လုပ်ဖြစ်တာမျိုးဆိုတော့လေ။ ကြားထဲမှာ ပြဇာတ်ကတာပြီးရင် နယ်တွေကို သီချင်းတွေ သွားဆိုဖို့ရှိတယ်။ အဲဒီသီချင်း သွားဆိုတာတွေ ကြားထဲမှာပဲ ဒီစီးရီးအတွက် အသံသွင်းတာတွေ ဆက်ပြီးလုပ်သွားမှာပါ။ ‘သူသိစေ’ စီးရီးမှာ မိုင်လေးရဲ့ တကယ့်ခံစားချက် သီချင်းတွေ အများဆုံး ပါဝင်မှာပါ။ စီးရီးခေါင်းစဉ်ဖြစ်တဲ့ ‘သူသိစေ’ ဆိုတဲ့ သီချင်းလေးကလည်း မိုင်လေးရဲ့ခံစားချက် လေးကို ရေးဖွဲ့ပေးထားတဲ့ သီချင်းလေးပါပဲ။ ဂီတပုံစံတွေမှာ ဆိုရင်လည်း မိုင်လေး ဆိုနေကျ ဂီတပုံစံလေး တွေရော ပရိသတ်ကြိုက်နှစ်သက်မယ့် ဂီတပုံစံလေးတွေရော ပါဝင်မှာပါ။ လာမယ့် ဖေဖော်ဝါရီလ အတွင်းမှာ ဖြန့်ပါမယ်။ ဒီစီးရီးလေး အတွက်ကိုလည်း မိုင်လေး အကောင်းဆုံး ကြိုးစားနေပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန် အကြံပေးမှုတွေနဲ့အတူ အားပေးမှုတွေကိုပါ ရချင်ပါတယ်။                                            

Most Read

Most Recent