အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (ရှမ်းပြည်နယ်) စတင်ဖွဲ့စည်း

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (ရှမ်းပြည်နယ်) စတင်ဖွဲ့စည်း
Published 10 January 2016

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီတွင်  အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထိုအစည်းအဝေးပွဲသို့ တပ်မတော်မှ တာဝန်ရှိသူများ၊JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ရဲမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများမှ RCSS/SSA ၊ PNLO ၊ KNU ၊ CNF အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) သည် (ရှမ်းပြည်နယ်) အဆင့် ဖွဲ့စည်းခြင်းဖြစ်ပြီး တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် ရပ်မိရပ်ဖ စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန် ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများကို အပြန်အလှန် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။JMC-S အနေဖြင့် အချက်သုံးချက် သဘောတူဆောင်ရွက်သွားမည်ဖြစ်ပြီး NCA စာချုပ်ပါ အချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်ကျင့်ဝတ်များကိုလည်း ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ နှစ်ဖက်ပေါင်းပြီးတော့ ဖြစ်နိုင်တဲ့ ဖြစ်ချင်တဲ့ ဖြစ်သင့်တဲ့အချက်တွေကို ထည့်သွင်းထားတဲ့ ဒီအချက်တွေကိုသာ လိုက်နာသွားမယ်ဆိုရင် အတော် အောင်မြင်မှုရမှာ ဖြစ်ပါတယ်။ ညှိနှိုင်းပြီးတော့ အဖြေ ရှာဖို့ဖြစ်ပါတယ်။ အောက်ခြေအဆင့်အထိ တပ်မှူးတပ်သားအဆင့်အထိ ညွှန်ကြားမှုလမ်းညွှန်ချက်တွေရောက်အောင် ပြောဖို့ ဆိုဖို့  ဒီနေ့ နှစ်ဖက်အဖွဲ့အစည်းတွေ သိရှိအောင် JMC-U အဖွဲ့နဲ့လည်း ပြောကြားပြီး ဖြစ်ပါတယ်။ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးအတွက် အမြဲတမ်းမျှော်လင့်ပြီး လက်ကမ်းကြိုလင့်နေပါတယ်” ဟု တပ်မတော်မှ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။“ဒီနေ့ဆွေးနွေးတဲ့ထဲမှာ တပ်နေရာချထားရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေက အရင်က မပြီးပြတ်သေးတဲ့ ကိစ္စတွေကိုတော့ သိပ်ပြီး ဘဝင်မကျဘူးပေါ့။ ကျန်တာတွေတော့ ဖွဲ့စည်းနိုင်တာတွေ ရလဒ်တွေက အများကြီးကောင်းပါတယ်။ NCA ထိုးပြီးနောက်ပိုင်း ဖြစ်တဲ့တိုက်ပွဲအကြောင်းလည်း ဆွေးနွေးဖြစ်တာပေါ့။ နောက်နောင် ဒီလိုမျိုးမဖြစ်အောင် တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းနိုင်အောင် အဲဒီအချက်ကတော့ ကောင်းပါတယ်” ဟု RCSS/SSA တပ်ဖွဲ့မှ ဗိုလ်မှူးစိုင်းဦးက ပြောကြားသည်။RCSS / SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီမှ JMC-S တွင် သုံးဦးပါဝင်ပြီး တပ်မတော်ဘက်မှ သုံးဦး ၊ ပြည်နယ် ရဲမင်းကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ ပါဝင်မည်ဖြစ်ပြီး နောက်ဖြစ်လာမည့် ကိစ္စရပ်များကို ထိုအဖွဲ့ဖြင့် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း၊ JMC-S ဆွေးနွေးပွဲများကို ဆက်လက်အမြဲတမ်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင်လည်း တစ်ကြိမ် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent