မကွေးမြို့နယ် မိချောင်းရဲတိုက်နယ် စိုင်ကျကျေးရွာသို့ ဇန်နဝါရီ ၅ ရက်က လက်ဝတ်ရတနာ ရောင်းရန်လာရောက်သည့် အမျိုးသမီးကို ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာနေလူ ၃၀ ခန့်က ကလေးသူခိုးဟု စွပ်စွဲ၍ နံရိုးနှစ်ချောင်းကျိုးသည်အထိ ရိုက်နှက်ခဲ့ရပြီး မိချောင်းရဲ ရဲစခန်းမှ နောက်တစ်နေ့ ညနေအထိ ၂၄ နာရီကျော် ဆေးလုံးဝကုသမပေးဘဲ ထိန်းသိမ်းထားခဲ့မှုနှင့် ပတ်သက်၍ ရိုက်နှက်ခံခဲ့ရသူ မယုယုချို၏ အစ်မက ဇန်နဝါရီ ၉ ရက် က မကွေးမြို့၌ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။မယုယုချိုသည် ဇန်နဝါရီ ၅ ရက်က စိုင်ကျကျေးရွာသို့ သွားရောက်ခဲ့ပြီး အမက ကျောင်းနှင့် ကျေးရွာအတွင်းမှ နေအိမ်နှစ်အိမ်တွင် လက်ဝတ်ရတနာများ ရောင်းချခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါကျေးရွာမှ မကွေးမြို့သို့အပြန် ဆိုင်ကယ်ငှားရမ်းရန် လမ်းလျှောက်လာစဉ် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက ၎င်းအား ကလေးသူခိုးဟုဆိုကာ ရိုက်နှက်၍ ခြေထောက်ဖြင့် ကန်ကာ ဆံပင်မှ တရွတ်ဆွဲခေါ်ခဲ့ကြောင်း၊ သူမက ပတ်ဝန်းကျင်သို့ အကူအညီတောင်းရန် နေအိမ်တစ်ခုအတွင်းသို့ ဝင်ပြေးခဲ့ရာ ထိုအိမ်သည် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံရွှေ၏ အိမ်ဖြစ်နေကြောင်း၊ ထိုအိမ်ထဲတွင်လည်း အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာမှ လူ ၃၀ ခန့်က ထပ်မံရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မယုယုချိုက သူမသည် ကလေးသူခိုးမဟုတ်ဘဲ လက်ဝတ်ရတနာ ရောင်းဝယ်သူသာဖြစ်ပြီး သူမ ဝင်ထွက်ခဲ့သော နေအိမ်များအား မေးမြန်းကြည့်ရန် ပြောကြားခဲ့သော်လည်း ယုံကြည်မှု မရှိခဲ့ကြကြောင်း၊ ညနေ ၅ နာရီခန့်တွင်မှ မိချောင်းရဲ ရဲစခန်းမှ ရဲနှစ်ဦး ရောက်ရှိလာပြီး ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရဲစခန်းတွင် စစ်ဆေးနေစဉ် ဆေးကုသခွင့် လုံးဝမပေးခဲ့ဘဲ နောက်တစ်နေ့ ဇန်နဝါရီ ၆ ရက် ညနေပိုင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ မယုယုချိုသည် ဇန်နဝါရီ ၆ ရက် ညပိုင်းမှ မကွေးမြို့ တိုင်းဆေးရုံကြီးသို့ ရောက်ရှိပြီး ဇန်နဝါရီ ၉ ရက်အထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ၎င်း၏ အစ်မက ပြောကြားသည်။“မသင်္ကာတာက ဖြစ်လို့ရပါတယ်။ အခုက အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကပါ ရိုက်နှက်ခဲ့ပြီး အင်္ကျီတွေ ကွဲထွက်တာတောင် အင်္ကျီပြန်ဝတ်ခွင့် မပေးခဲ့တာပါ။ ပါးတွေမှာလည်း အညိုအမည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ ညနေ သုံးနာရီလောက်ကျမှ ကျွန်မညီမကို အာမခံပေးတဲ့ အခြားရွာက လူတွေ လာခေါ်ကြပါ တယ်။ သူတို့နဲ့ ဆေးရုံကိုသွားဖို့ ထွက်လာပြီးမှ လမ်းခုလတ်မှာ ရဲနှစ်ယောက် လိုက်လာပြီး မိချောင်းရဲလမ်းခွဲနားက လမ်းဘေးတဲထဲမှာ စစ်ဆေးကြပါတယ်။ ကျွန်မညီမက နံရိုးတွေ ကျိုးထားကြောင်း ပြောတာတောင် ရဲတွေက မယုံကြောင်းပြောပြီး ငေါက်ငမ်းပြီး ဆက်ဆံခဲ့ကြပါတယ်။ ရဲစခန်းကိုရောက်တော့လည်း လက်ဝတ်ရတနာတွေကို ပန်းထိမ်ဆရာဆိုသူတွေနဲ့ခေါ်ပြပြီး ပစ္စည်းသိမ်းဖို့တွေပဲ ပြောခဲ့ပါတယ်။ ကျွန်မညီမက အမှန်တွေ ပြောပြပေမယ့် နံရိုးနှစ်ချောင်းကျိုးနေတာကို ပရုပ်ဆီလေးတောင် လိမ်းမပေးခဲ့ပါဘူး။ ပြီးတော့ နှစ်ဦးနှစ်ဖက် ပြဿနာ ဖြစ်တာကို ကျေအေးပါတယ်ဆိုပြီး လက်မှတ်ထိုးပေးမှ ဆေးကုခွင့်ပေးမယ်လို့လည်း ဂတ်စာရေးက ပြောပါတယ်။ ကျွန်မနဲ့ အဆက်အသွယ်ရလို့ နီးစပ်ရာ ရဲတစ်ဦးက ကြားဝင်ကူညီတော့မှ ကျွန်မညီမကို လွှတ်ပေးခဲ့တာပါ” ဟု မယုယုချို၏ အစ်မက ပြောကြားသည်။ထိုသို့ မတရားဖမ်းဆီး၍ ရိုက်နှက်ခဲ့မှုများကို မယုယုချို၏အစ်မက နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် နစ်နာမှုများတိုင်ကြားရေးဌာနသို့ ဇန်နဝါရီ ၉ ရက် နံနက်က တိုင်ကြားထားကြောင်း၊ ထို့အပြင် မတရားဖမ်းဆီး ရိုက်နှက်ခဲ့သူများအား သက်ဆိုင်ရာသို့ တိုင်ကြားခြင်းနှင့် တရားစွဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မိချောင်းရဲတိုက်နယ် ရဲစခန်းမှူးသို့ The Daily Eleven သတင်းစာမှ ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ကာယကံရှင်များမှ အမှုဖွင့်တိုင်ကြားလာပါက အမှုဖွင့်ပေးမည်ဖြစ်ကြောင်း ၎င်းတို့စခန်းတွင် ရောက်ရှိစဉ်က အတည်ပြုစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျေအေးလွှာအား လက်မှတ်အတင်း ထိုးခိုင်းသည်မှာလည်း မဟုတ်ကြောင်း ဖြေကြားခဲ့သည်။
မကွေးမြို့နယ်တွင် ကလေးသူခိုးဟု စွပ်စွဲခံရသည့် အမျိုးသမီးတစ်ဦး နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံရပြီး ဆေးကုသမှု ခံယူခဲ့ရခြင်းမရှိဘဲ ရဲစခန်း၌ ၂၄ နာရီကျော် ထိန်းသိမ်းခံခဲ့ရ















