အသားကျနေသော ခံယူချက်များ

အသားကျနေသော ခံယူချက်များ
Published 9 January 2016
ကျွန်း

Mindset ဆိုတဲ့ စကားလုံးကို အခြားသူတွေ ဘယ်လို ဘာသာပြန်ကြသလဲ မသိပါ။ ကျွန်မကတော့ အသားကျနေသော ခံယူချက်များလို့ ပြန်ချင်ပါတယ်။ ပြောင်းလို့ ပြင်လို့ ရနိုင်သေးတဲ့အတွက် အသားသေနေတာမျိုးတော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ အသားကျနေတဲ့ ခံယူချက်တွေကို ပြောင်းလဲခြင်းက ဘဝရဲ့ အနေအထားတွေကို ပြောင်းသွားစေနိုင်ကြောင်း အခြားသူတွေ အထိုက်အလျောက် ရေးခဲ့ဖူးပြီးသား ဖြစ်ပါလိမ့်မယ်။Growth Mindset  အကြောင်းကို စတင် သိရှိခွင့်ရခဲ့ခြင်းက ကျွန်မဘဝကို များစွာပြောင်းလဲစေခဲ့တဲ့အတွက် ကျွန်မနားလည်သလောက် ပြန်မျှပေးချင်ပါတယ်။ Growth Mindset ကိုတော့ စကားလုံးတစ်စုတည်းနဲ့ ပြန်ဆိုလို့ ရနိုင်မယ်မထင်ပါ။ ဘယ်သူမဆို ဘယ်အရာကိုမဆို လိုလားစွာ သင်ယူရင်၊ လေ့ကျင့်ရင် တတ်မြောက်နိုင်တယ်။ ကြားထဲမှာ ကြုံရတဲ့ အခက်အခဲတွေ၊ မအောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေဆိုတာက တတ်မြောက်ခြင်းကို မရောက်ခင်မှာ ကျော်လွှားသွားစရာ အနေအထားတွေသာ ဖြစ်တယ်စသဖြင့် ခံယူထားတဲ့ စိတ်ဓာတ်အနေအထားကို ခေါ်ပါတယ်။Fixed Mindset က တချို့ကိစ္စရပ်တွေက တချို့လူတွေအတွက်ပဲ။ အရာရာကို သင်တိုင်း မတတ်နိုင်ဘူး။ ကိုယ့်မှာရှိတဲ့ အားနည်းချက်တွေက ထာဝရရှိနေမယ့်အရာမျိုး စသဖြင့် ခံယူထားတဲ့ စိတ်ဓာတ်အနေအထားကို ခေါ်ပါတယ်။ အဲဒီလို ခံယူချက်မျိုးတွေက ခလုတ်တိုက် လဲရုံလေးနဲ့ ပြန်ထလဲ မထူးတော့ဘူးလို့ ထင်ပြီး ဆက်ထိုင်မိနေတတ်တဲ့ အနေအထားမျိုးကို ဖြစ်စေပါတယ်။ သင်ယူနေတဲ့ အရာတစ်စုံတစ်ခုမှာ အတားအဆီးလေးတစ်ခု တွေ့လိုက်တာနဲ့ “ငါ ပါရမီ မပါလို့ဘဲ ... ငါ ဘယ်လိုမှ ဒါကို သင်လို့မရဘူး” ဆိုပြီး အလွယ်တကူ ရပ်ပစ်စေတာကလည်း Fixed Mindset ကြောင့်ပါပဲ။အသားကျနေတဲ့ ခံယူချက်တွေနဲ့ ပတ်သက်လို့ လွယ်ကူရိုးရှင်းပြီး မြင်သာတဲ့ ဥပမာလေးတစ်ခုက စက်ဘီးစီး သင်ကြခြင်းပါ။ ကျွန်မငယ်စဉ်က စက်ဘီးစီး စသင်ချိန်မှာ ဒူးကွဲမှ (ဒူးမှာ သွေးထွက်အောင် ပွန်းပဲ့ထိခိုက်မှ) စက်ဘီးစီးတတ်တာလို့ လူကြီးတွေက ပြောကြတဲ့အတွက် ကျွန်မ စက်ဘီးစီးလို့ လဲမှာ၊ ဒူးကွဲမှာကို မကြောက်ခဲ့ပါ။ ဒူးကွဲခြင်းက စက်ဘီးစီးတတ်ခြင်းရဲ့ အထိမ်းအမှတ်၊ သင်္ကေတအဖြစ် ထင်မှတ်မှားခဲ့ပါတယ်။ စက်ဘီးစီး စသင်ချိန်မှာ မကြာခဏလဲကျခြင်းက စက်ဘီးစီးတတ်ခြင်းဆိုတဲ့ ပညာရပ်ကို ရရှိဖို့အတွက် မဖြစ်မနေ ကျော်လွှားသွားရမယ့် ဖြစ်ရပ်တစ်ခုလို့ ထင်မြင်ယူဆခဲ့တဲ့အတွက် လဲကျခြင်းကြောင့် ဆက်မစီးတော့တာမျိုး မလုပ်ဖြစ်ခဲ့ပါ။ ဒူးကွဲသွားတဲ့အချိန်မှာတော့ စက်ဘီးစီးတတ်သွားပြီလို့ ထင်မှတ်မှားရာကနေ အဲဒီစိတ်ကြောင့် အမှန်တကယ် စီးတတ်သွားခဲ့ပါတယ်။Growth Mindset ဆိုတာက အဲဒီလို အနေအထားမျိုး ဖြစ်ပါတယ်။စက်ဘီးကို မလဲမပြို၊ ထိခိုက်ဒဏ်ရာမရဘဲ စီးတတ်သင့်တယ်လို့ ထင်မြင်ယူဆနေသူတွေအတွက်ကတော့ စက်ဘီးတစ်ခါလောက် လဲရုံ၊ အနည်းငယ် ပွန်းပဲ့ခိုက်မိသွားရုံနဲ့ စက်ဘီးနားကို နောက်ထပ် မကပ်ရဲတော့တာမျိုး၊ ထပ်မံမကြိုးစားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။  Fixed Mindset ဆိုတာ အဲဒီလို အနေအထားမျိုး ဖြစ်ပါတယ်။  ကျွန်မက စက်ဘီးစီးသင်တဲ့နေရာမှာ Growth Mindset ရှိခဲ့ဖူးပေမယ့် ဘဝရဲ့အရာရာတိုင်းအတွက် Growth Mindset အလိုအလျောက်ရှိနေခဲ့တာ မဟုတ်ပါဘူး။ Fixed Mindset  တွေနဲ့ ကိုယ့်ကိုယ်ကိုယ် အကြိမ်များစွာ ကန့်သတ်ပစ်ခဲ့ဖူးပါတယ်။ Growth Mindset ကို စတင်သိရှိလာချိန်မှာ သင်ယူလို့ မရနိုင်တော့ဘူးလို့ စွဲမှတ်ထားခဲ့တာတွေကို သင်ယူဖို့ ကြိုးစားဖြစ်လာပါတယ်။ အဲဒီအခါမှာ အမှန်တကယ် သင်ယူလိုစိတ်နဲ့၊ မှန်ကန်တဲ့ နည်းလမ်းတွေရှိရင် အတိုင်းအတာတစ်ခုအထိ တတ်မြောက်နိုင်ကြောင်း သိမြင်လာခဲ့ပါတယ်။စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ဆိုတာကလည်း တိုးတက်ဖွံ့ဖြိုးအောင် လုပ်သွားလို့ရတဲ့အရာတွေ ဖြစ်တယ်လို့ သိရှိလာတာနဲ့အမျှ ဘဝကို နေထိုင်ပုံ၊ တွေးခေါ်ပုံတွေ ပြောင်းလဲလာပါတယ်။ အဲဒီအချိန်မှာ အသစ်တွေကို ပိုမိုလိုလားစွာ လေ့လာသင်ယူ ဖတ်ရှုချင်လာပါတယ်။ အခက်အခဲတွေ တွေ့တိုင်း ရပ်တန့်ပစ်တာမျိုး မလုပ်ဖြစ်တော့ဘဲ ကျော်လွှားဖို့ နည်းလမ်းရှာတာ၊ ဒါမှမဟုတ် အချိန်စောင့်ဆိုင်းပြီး ထပ်မံကြိုးစားတာမျိုးတွေကို အရင်ကထက် ပိုမိုဆောင်ရွက်ဖြစ်လာပါတယ်။ ပိုမို ငယ်ရွယ်တဲ့အချိန်မှာ အသားကျနေတဲ့ ခံယူချက်တွေအကြောင်း သိနားလည်ခွင့်ရခဲ့ရင် ဘဝမှာ ဒီ့ထက်အဆများစွာ ပိုမိုအားထုတ် ကြိုးစားဖြစ်ခဲ့မယ်လို့ ထင်ပါတယ်။  ွGrowth Mindset  ရှိသူတွေက ဘယ်သူမဆို လုံလောက်တဲ့ သင်ယူလိုစိတ် ရှိရင်၊ သင်ယူရင် အရာရာကို တစ်ဖက်ကမ်းခပ်အောင် တတ်မြောက်နိုင်စွမ်း ရှိတယ်လို့ အကောင်းမြင်မှု လွန်ကဲစွာယုံကြည်နေတာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဖြစ်နိုင်ခြေက ကြိုတင်မသိမမြင်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ ယုံကြည်ထားတာမျိုးသာ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတွေကို အမှန်တကယ် မသိဘဲ Fixed Mindset နဲ့ ယူဆကန့်သတ်လိုက်ရင် မိမိတိုးတက်နိုင်တဲ့ အမြင့်ဆုံး အတိုင်းအတာအထိ ရောက်ရှိအောင် ကြိုးစားဖြစ်ဖို့ ခဲယဉ်းပါလိမ့်တယ်။ အလားတူပဲ တစ်ပါးသူတွေရဲ့ ဖြစ်နိုင်ခြေတွေကိုလည်း အပေါ်ယံအမြင်နဲ့ ကန့်သတ်ပြောဆိုမိ တတ်ကြပါတယ်။အလွန့်အလွန် အောင်မြင်ထင်ရှားတဲ့  ပုဂ္ဂိုလ်ကြီးတွေရဲ့ ဘဝအစိတ်အပိုင်းတွေကို ပြန်ကြည့်ရင် သူတို့လည်း အောင်မြင်ဖို့ ဖြစ်နိုင်ခြေမရှိသူတွေလို့ ယူဆသတ်မှတ်ခံခဲ့ရဖူးကြောင်း တွေ့ရှိပါလိမ့်မယ်။ ဆင့်ကဲဖြစ်မှု သီအိုရီ (Theory of Evolution) ကို တွေ့ရှိခဲ့တဲ့ ချားလစ်ဒါဝင်နဲ့ စာရေးဆရာကြီး လီယိုတော်လ်စတွိုင်းတို့တောင်မှ သာမန်ကလေးငယ်တွေလို့ ယူဆခံခဲ့ကြရပါသတဲ့။ သရုပ်ဆောင်ရာမှာ အတော်ဆုံးလို့ သတ်မှတ်ခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးဂါရယ်လ် ဒင်းပိတ်ချ်ဟာ တစ်ချိန်က သရုပ်ဆောင်ရာမှာ အစွမ်းအစ မရှိဘူး၊ ဆက်မကြိုးစားပါနဲ့တော့လို့ အကြံပေးခြင်း ခံခဲ့ရဖူးပါသတဲ့။ အဲဒီလို ကန့်သတ်မှုတွေကို လက်ခံပြီး ဆက်မကြိုးစားဘဲနေခဲ့ရင် မိမိရဲ့အမြင့်ဆုံးဖြစ်နိုင်ခြေအထိ ရောက်ခွင့်ရကြမှာ မဟုတ်ပါဘူး။အခက်အခဲတွေဆိုတာ မိမိရဲ့အရိပ်လို အမြဲတမ်း မိမိအနားမှာ ရှိနေလိုက်ပါနေတတ်တဲ့ အရာမျိုးလို့ အေမီမူလင်က ပြောခဲ့ဖူးပါတယ်။ သူမက တစ်နှစ်အရွယ်မှာ ခြေထောက်နှစ်ဖက်စလုံးကို ဒူးအောက်ပိုင်းကနေ ဖြတ်ခဲ့ရပေမယ့် အားကစားသမား၊ မော်ဒယ်၊ ရုပ်ရှင်မင်းသမီး၊ ခွန်အားပေးတဲ့ ဟောပြောသူ အဖြစ်ကို ရယူခဲ့သူပါ။ အခက်အခဲတွေ အတားအဆီးတွေကို လုံးဝမကြုံတွေ့အောင် ရှောင်လွှဲလို့ရမှာ မဟုတ်တဲ့အတွက် အဲဒါတွေ နဲ့အတူတူ ကခုန်နိုင်အောင်သာ ကြိုးစားသင့်တယ်လို့ သူမကအကြံပေးခဲ့ပါတယ်။ ဒါကလည်း Growth Mindset  ရဲ့ ဥပမာတစ်ခုပါပဲ။မိမိရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ဝေဖန်ထောက်ပြခံရတာမျိုး ရှိခဲ့ရင် Growth Mindset  ရှိသူတွေက ဒါဟာ မိမိကို တိုးတက်စေမယ့်အရာလို့ ယူဆတတ်ကြပြီးFixed Mindset  ရှိသူတွေက ဆတ်ဆတ်ထိမခံ ဖြစ်တတ်ကြပါတယ်။ တစ်စုံတစ်ခုကို စွမ်းဆောင်လို့ မအောင်မြင်ခဲ့ရင်  Fixed Mindset  ရှိသူတွေက ရှုံးနိမ့်မှုလို့ ထင်တတ်ပြီး၊ Growth Mindset ရှိသူတွေက နောက်ထပ်ကြိုးစားတဲ့ ကာလတွေမှာ သင်ခန်းစာယူဖို့ အထောက်အကူပြုမယ့် အတွေ့အကြုံတစ်ခု၊ ဖြတ်သန်းရတဲ့ အဆင့်တစ်ဆင့်လို့ ခံယူတတ်ကြပါတယ်။ အသားကျနေတဲ့ ခံယူချက်ကွာခြားမှုက ဆက်လက်ဆောင်ရွက်မယ့် အပြုအမူတွေကို ကွာခြားစေတဲ့အတွက် ရလဒ်တွေလည်း ကွာခြားသွားကြပါတယ်။ အောင်မြင်နေသူနဲ့ ရှုံးနိမ့်နေသူဆိုတဲ့ အဆင့်အထိ ကွာခြားမှုမရှိခဲ့ရင်တောင် တိုးတက်ဖွံ့ဖြိုးနေသူနဲ့ ရပ်တန့်နေသူဆိုပြီး ကွာခြားသွားကြမှာ ဖြစ်ပါတယ်။  Fixed Mindset နဲ့ နေသားကျနေသူတွေက ပထမတစ်ကြိမ် ကြိုးစားလို့ မအောင်မြင်ရင် ကိုယ့်မှာ ပင်ကိုအရည်အချင်းမရှိလို့ ဖြစ်မှာပေါ့လို့ တွေးတတ်ကြပါတယ်။ ဒါ့အပြင် မကြိုးစားကြည့်ဘူးဆိုရင် ရှုံးနိမ့်မှုဆိုတဲ့ အခြေအနေကို ရင်ဆိုင်ရစရာ အကြောင်းမရှိဘူးလို့ တွေးပြီး ကြိုးစားဖို့ကိုလည်း ရှောင်လွှဲတတ်ကြပါတယ်။ ကြိုးစားမှုတိုင်းက အောင်မြင်မယ်၊ ဒါမှမဟုတ် ဘယ်နှကြိမ်မှာ အောင်မြင်မယ်လို့ အတိအကျ အာမခံချက်မရှိတဲ့အတွက် ရှုံးနိမ့်မှုကို ကြုံတွေ့နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ မကြိုးစားကြည့်ဘူးဆိုရင် ကိုယ်ဘယ်အထိ ရောက်နိုင်တယ်ဆိုတာကို ဘယ်တော့မှ သိခွင့်ရမှာ မဟုတ်ပါဘူး။ ဘယ်သူ့မှာမှ မိမိမှာ ဘယ်လောက်အမြင့်ဆုံး စွမ်းဆောင်နိုင်စွမ်းရှိတယ်၊ ဘယ်ကိုတော့ ရောက်နိုင်တယ်၊ ဘယ်ကိုတော့ မရောက်နိုင်ဘူးလို့ အတိအကျ မြင်နိုင်စွမ်းမရှိကြပါဘူး။ ကိုယ့် ကိုယ်ကိုယ်တောင် မသိနိုင်ရင် သူတစ်ပါးတွေအတွက် သိဖို့ဆိုတာ ပိုမိုခဲယဉ်းပါလိမ့်မယ်။ Growth Mindset ရှိသူတွေက ကြိုးစားရင်း၊ မှားယွင်းမှု၊ ရှုံးနိမ့်မှုတွေကို ဖြတ်သန်းရင်း မိမိစွမ်းဆောင်နိုင်တဲ့ အမြင့်ဆုံးအနေအထားကို ပိုမိုနီးကပ်စွာ ရောက်ရှိနိုင်ကြပါတယ်။ Growth Mindset ကို တည်ဆောက်မိကြတဲ့အခါ သူတစ်ပါးရဲ့ ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းကို မသိနားမလည်စွာ ကန့်သတ်ပစ်မိတာမျိုးတွေလည်း လျော့ကျနည်းပါးသွားနိုင်ပါတယ်။ မိဘ၊ ဆရာ၊ ဆရာမ၊ သင်ကြားပို့ချသူ စတဲ့နေရာက လူတွေမှာ Growth Mindset ရှိထားဖို့ အလွန့်အလွန်ကို အရေးကြီးတယ်လို့ ယူဆမိပါတယ်။အသားကျနေတဲ့ ခံယူချက်တွေက အားကောင်းတဲ့ ယုံကြည်မှုတွေကနေ ပေါက်ဖွားလာခဲ့တာပါ။ အဲဒါတွေက မိမိရဲ့စိတ်ထဲမှာ ရှိနေတဲ့အရာတွေ ဖြစ်တဲ့အတွက် စိတ်ကို ပြင်ဆင်ခြင်းနဲ့ ပြုပြင်ယူလို့ ရပါတယ်။ အမှားမလုပ်ရဘူးဆိုတဲ့ ယဉ်ကျေးမှုထဲမှာFixed Mindset  တွေနဲ့ နေသားကျခဲ့ကြရင်း တိုးတက်ဖွံ့ဖြိုးနိုင်စွမ်းတွေကို ကန့်သတ်ထားမိတတ်ကြပါတယ်။ အမှားဆိုတာ အမှန်ကိုတွေ့ဖို့ ဖြတ်သန်းသွားရတဲ့ ခရီးလမ်းတစ်ခုသာ ဖြစ်တယ်၊ ကျရှုံးမှုဆိုတာ အောင်မြင်မှုကို ရောက်ရှိနိုင်မယ့် နည်းလမ်းတွေသာဖြစ်တယ်လို့ ယုံကြည်လာကြရင် စင်းလုံးချောမဖြစ်မှာကို စိုးရိမ်ပူပန်မှုတွေ လျော့ပါးပြီး ပိုကြိုးစားဖြစ်လာကြမယ်လို့ ယူဆမိပါတယ်။ “လဲကျမယ်ဆိုရင် ရှေ့ကိုလဲကျပါ” ဆိုတဲ့ စကားလေး ရှိပါတယ်။ အဲဒါက ထိုင်နေတာထက်တော့ ခရီးပိုရောက်ပါလိမ့်မယ်။ Growth Mindset  က လဲကျတိုင်းမှာ ပြန်ထပြီး ရှေ့ဆက်ဖို့ အကူအညီပေးပါလိမ့်မယ်။(References: Mindset: The New Psychology of Success by Carol S. Dweck, The Opportunity of Adversity TED talk by Aimee Mullins)  

Most Read

Most Recent