ပြုံယမ်း၏ အချက်ပေး ခေါင်းလောင်းသံ

ပြုံယမ်း၏ အချက်ပေး ခေါင်းလောင်းသံ
Published 9 January 2016
မောင်ကြွယ်စိုး

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း ဇန်နဝါရီ ၆ ရက်တွင် ကြေညာခဲ့ပါတယ်။ အဲဒီလို စမ်းသပ်မှုကို အိမ်နီးချင်း တောင်ကိုရီးယား၏ အမျိုးသား လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့သလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ယင်းစမ်းသပ်မှုသည် ကုလလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကို ဆိုးရွားစွာ ချိုးဖောက်တဲ့ ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီ (ဂရင်းနစ် စံတော်ချိန် ၃ နာရီ မိနစ် ၃၀) တွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ သမိုင်းဝင် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် အောင်မြင်မှုကြောင့် မြောက်ကိုရီးယားသည်  နျူကလီးယား လက်နက်များ ပိုင်ဆိုင်သည့် ထိပ်တန်းနိုင်ငံများနှင့် အဆင့်တူသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက ဝါဒဖြန့်ချိခဲ့ပါတယ်။ အဲဒီ ဟိုက်ဒရိုဂျင် သို့မဟုတ် အပူချိန် မြင့်မားသော  နျူကလီးယား (သာမိုနျူကလီးယား) ကို အခြေခံတဲ့ ကိရိယာသည် ဆင့်ကဲဓာတ်ပြုမှု ဖြစ်စဉ်များအတွင်း အဏုမြူ ပေါင်းစပ်ခြင်းဖြစ်ပြီး ရလဒ်အဖြစ် ယူရေနီယမ် သို့မဟုတ် ပလူတိုနီယမ် တစ်ခုတည်းဖြင့် ဖန်တီးတဲ့ ပေါက်ကွဲမှုထက် အင်အားပိုမို ပြင်းထန်နေပါတယ်။မြောက်ကိုရီးယားဟာ ဟိုက်ဒရိုဂျင် ဗုံးတစ်လုံးကို  တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း ခေါင်းဆောင် ကင်ဂျုံအွန်က ပြီးခဲ့သောလတွင် ကြေညာခဲ့ပါတယ်။ အဲဒီလက်နက်ဟာ အမေရိကန်က ဟီရိုရှီးမားမြို့ပေါ် ကြဲချခဲ့တဲ့ အဏုမြူဗုံး အရွယ်အစားခန့် ရှိဖွယ်ရှိကြောင်း၊ ဟိုက်ဒရိုဂျင်ဗုံး မဟုတ်ကြောင်း Rand Corporation မှ ထိပ်တန်းကာကွယ်ရေး သုတေသီ ဘရုစ်ဘင်းနက်က ဘီဘီစီနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။ ၎င်းဗုံး၏ ပေါက်ကွဲမှုအားကို ထောက်ဆပါက ယင်းကိရိယာသည် အဆင့်နှစ်ဆင့်ပါ သာမိုနျူကလီးယားဗုံး ဖြစ်နိုင်ခြေ မရှိကြောင်း Carnegie Endowment for International Peace  မှ နျူ ကလီးယား မူဝါဒအစီအစဉ် ပူးတွဲညွှန်ကြားရေးမှူး ဂျိမ်းစ်အက်တန်ကလည်း ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအွန်၏ မွေးနေ့မတိုင်မီ နှစ်ရက်အလိုတွင် ပြုလုပ်ခဲ့သော ယင်းစမ်းသပ်မှုကို အပြည်ပြည်ဆိုင်ရာ မြေငလျင် ဗေဒပညာရှင်များက စောင့်ကြည့်ခဲ့ရာ မြောက်ကိုရီးယား အရှေ့မြောက်ပိုင်းရှိ Punggyeri နျူ ကလီးယား စမ်းသပ်တဲ့ နေရာအနီး ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကို ထောက်လှမ်း သိရှိခဲ့ကြပါတယ်။မြောက်ကိုရီးယားက သာမိုနျူကလီးယားဗုံး ထုတ်လုပ်နိုင်ရန်အတွက် နှစ်နှင့်ချီ အချိန်ယူရနိုင်သေးကြောင်း ကျွမ်းကျင်သူ အများစုက ယူဆထားကြပါတယ်။ ယခုစမ်းသပ်မှုဟာ ဟိုက်ဒရိုဂျင်ဗုံး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြောက်ကိုရီးယားရဲ့ လေးကြိမ်မြောက် အဏုမြူစမ်းသပ်မှု ဖြစ်ပါတယ်။အမေရိကန်နှင့် အာရှတိုက်ရှိ အဓိက မဟာမိတ်များဖြစ်ကြတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့က မြောက်ကိုရီးယားရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုအပေါ် ပြီးပြည့်စုံပြီး ပြင်းထန်သော နိုင်ငံတကာ တုံ့ပြန်မှုရရှိရန် အတွက် အတူတကွ တွန်းအားပေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် ကတိပြုခဲ့ကြပါတယ်။ အဲဒီတုံ့ပြန်မှုများ ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံ ပြုပေးမှုနဲ့အတူ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သော လုံခြုံရေးကောင်စီက အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုကို အပြင်းအထန် ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ အရေးယူမှုများ ပါဝင်မည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းအသစ် တစ်ရပ်ကို စတင်ရေးဆွဲသွားမည်လို့ ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယား နိုင်ငံအပေါ် ၂၀၀၆ ခုနှစ်က အဏုမြူဗုံး စမ်းသပ်မှု ပထမဆုံး ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ချမှတ်ခဲ့သည့် ပိတ်ဆို့မှု များစွာထက် ပို၍ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သွားမည်လို့ ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယားက အလွန်စိုးရိမ် ပူပန်လျက်ရှိပါတယ်။ သမ္မတ ပက်ကွမ်ဟီးက အကြီးအကျယ် ရန်စမှုဟု ရည်ညွှန်းလိုက်သော မြောက်ကိုရီးယားရဲ့ လုပ်ရပ်အတွက် နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ ပြုလုပ်ကြရန် တောင်းဆိုလိုက်ပါတယ်။ပက်ကွမ်ဟီးသည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် အမေရိကန်သမ္မတ ဘာရက် အိုဘားမားနဲ့ ဆွေးနွေးခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးစလုံးက မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ အပြင်းထန်ဆုံးနဲ့ ပြီးပြည့်စုံမှု အရှိဆုံး ပိတ်ဆို့မှုများ ပြုလုပ်ရန်အတွက် ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ ပြင်ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ပြင်းထန်သော ဆုံးဖြတ်ချက် မူကြမ်းရရှိရန်အတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြု ပြောကြားခဲ့ကြပါတယ်။မကြာသေးမီ နှစ်ကာလများက အမေရိကန် ပြည်ထောင်စုနဲ့ အခြားအင်အားကြီး နိုင်ငံတွေက အီရန်နိုင်ငံက  နျူလက်နက်ပိုင်ဆိုင်ရေးကို လျှော့ချဖို့အတွက် တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကိုတော့ မရပ်တန့်နိုင်သေးပါဘူး။ ၂၀၀၃ ခုနှစ်ကတည်းက  နျူဗုံးနဲ့ ဒုံးကျည်လက်နက် ၁၀ ခုကနေ ၁၆ ခုအထိ ထုတ်လုပ်ခဲ့ပြီး ၂၀၁၆ နှစ်ကုန်ပိုင်းတွင် အခု ၂၀ အထိ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီလို နျူဗုံးတွေနဲ့ ဒုံးကျည်တွေကို ဆက်လက် ထုတ်ဖို့ရာအတွက် မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ငွေကြေးမြောက်မြားစွာ လိုအပ်နေမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံကို စစ်ရေးအရလည်းကောင်း၊ ကုန်သွယ်မှုအရ လည်းကောင်း အဓိက ပံ့ပိုးပေးနေတာက တရုတ်နိုင်ငံ ဖြစ်ပါတယ်။ စီးပွားရေး ကျပ်တည်းနေတဲ့ မြောက်ကိုရီးယားနိုင်ငံကို အစားအသောက်တွေနဲ့ ရေနံတွေကို တရုတ်က ထောက်ပံ့ပေးနေပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံက  နျူစမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းကို ကမ္ဘာ့ငြိမ်းချမ်းရေးအား ထိခိုက်စေတယ်ဆိုပြီး တရုတ်နိုင်ငံက သတိပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြောက်ကိုရီးယားက  နျူစမ်းသပ်မှုကို မပြုလုပ်တော့ပါဘူး။ အဲဒီအတွက် တရုတ်ထိပ်တန်း အရာရှိတွေဟာ ပြုံယမ်းမြို့တော်ကို သွားရောက် လည်ပတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့  နျူလက်နက် စမ်းသပ်မှု ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်နဲ့ ကုလသမဂ္ဂက စီးပွားရေး ပိတ်ဆို့မှုတွေ တင်းကျပ်စွာ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ အဲဒီလို စီးပွားရေး ပိတ်ဆို့မှုတွေကို မနှစ်သက်ခဲ့ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ခြင်းအားဖြင့် မြောက်ကိုရီးယား ပြည်သူတွေ ထိခိုက်မှု ပိုမိုဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံဘက်သို့ မြောက်ကိုရီးယားတွေ ဝင်ရောက်လာမှာကို စိုးရိမ်နေပါတယ်။အမေရိကန် အနေနဲ့ မြောက်ကိုရီးယား နိုင်ငံဟာ  နျူလက်နက်ပိုင်ဆိုင်မှု လုံးဝမပြုလုပ်တဲ့ နိုင်ငံတစ်ခုဖြစ်ရေးကို လိုလားနေပါတယ်။ ဒါပေမဲ့ ကင်ဂျုံအွန်ကတော့  နျူလက်နက် ပိုင်ဆိုင်ရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ကို အလိုမရှိပါဘူး။ အီရန် နိုင်ငံနဲ့ သံတမန်နည်းအရ ဆက်ဆံမှုတွေ ပြုလုပ်ပြီး နျူအရေးကို ဖြေရှင်းဖို့ လမ်းစရှာနေကြပေမယ့် မြောက်ကိုရီးယားနိုင်ငံကို  နျူ လက်နက် ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါဘူး။မြောက်ကိုရီးယားနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု တစ်ခုတည်းနဲ့ အလုပ်မဖြစ်ပါဘူးလို့ "နျူကလီးယားခြောက် အိပ်မက် ကမ္ဘာကြီးကို အချိန်မနှောင်းမီ ကယ်ဆယ်ရေး" စာအုပ်ရေးသားသူ ဂျိုစီရင်စီယွန်နီက ပြောကြားခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြုလုပ်မယ်ဆိုရင် တရုတ်စီးပွားရေး ကုမ္ပဏီတွေဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး ပြင်ပနိုင်ငံတွေမှာ လုပ်ဆောင်နေတဲ့အတွက် အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ လက်ရှိအချိန်မှာ ဝါရှင်တန် အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းကို လုပ်ဆောင်မယ်ဆိုရင် တရုတ်နိုင်ငံ အနေနဲ့ မြောက်ကိုရီးယားအပေါ် ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အာမခံချက် မပေးနိုင်ပေမယ့် အဲဒီနည်းလမ်းကလွဲပြီး တခြားမရှိဘူးလို့ ဂျိုစီရင်စီယွန်နီက မှတ်ချက်ချခဲ့ပါတယ်။

Most Read

Most Recent