ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များအား အာမခံမည့် နိုင်ငံရေး စနစ်အပေါ် အခြေခံသော ငြိမ်းချမ်းရေးကို တည်ဆောက်မည်ဟု (၇၈) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာ ပေးပို့ရာတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတိပေး ပြောကြား

ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များအား အာမခံမည့် နိုင်ငံရေး စနစ်အပေါ် အခြေခံသော ငြိမ်းချမ်းရေးကို တည်ဆောက်မည်ဟု (၇၈) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာ ပေးပို့ရာတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတိပေး ပြောကြား
Published 8 January 2016

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် ၇၈ ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အတွက် နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ရာတွင် ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များကို အာမခံမည့် နိုင်ငံရေးစနစ်အပေါ် အခြေခံသော ငြိမ်းချမ်းရေးကို တည်ဆောက်မည်ဟု ကတိပေး ပြောကြားသည်။အဆိုပါ နှစ်သစ်ကူး သဝဏ်လွှာတွင် “ကရင်ပြည်နယ်မှ ကရင်လူမျိုးများ အပါအဝင် ပြည်သူများက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ယုံယုံကြည်ကြည် ထောက်ခံမဲ ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကရင်ပြည်နယ်အရေး အပါအဝင် ပြည်ထောင်စု တစ်ခုလုံး အရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တာဝန်ထမ်းဆောင်ခွင့် ပေးခဲ့၍ ကရင်ပြည်သူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကရင်လူမျိုးတို့ လိုလားပြီး ပြည်ထောင်စု တစ်ခုလုံးအတွက် သင့်တော်သည့် နိုင်ငံရေး ကိစ္စရပ်များကို အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ကတိပြုပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဆက်လက်ပြီး “ယနေ့အချိန်တွင် ကျွန်မတို့ ပြည်ထောင်စု ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာများသည် မြောက်မြားစွာ ရှိနေပြီး ယင်းပြဿနာများအနက် ပြည်ထောင်စု တစ်ခုလုံးအတွက် အရေးကြီးဆုံး ပြဿနာသည် ငြိမ်းချမ်းရေးကိစ္စ ဖြစ်ပါကြောင်း၊ ကရင်ပြည်သူများ အပါအဝင် ပြည်ထောင်စုသား အားလုံးသည် မငြိမ်းချမ်းမှု၏ အကျိုးဆက်များကို မည်မျှခံစားခဲ့ရသည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးကို ကရင်လူမျိုးများ ငတ်မွတ် တောင့်တနေမည် ဆိုသည်ကို နှလုံးသားနှင့်သာမက ဆင်ခြင်ဉာဏ်နှင့်ပါ ကျွန်မတို့ သိနေပါကြောင်းနှင့် ပြည်ထောင်စုသား အများစု၏ ထောက်ခံမှုကြောင့် မကြာခင် နိုင်ငံ့တာဝန်များကို NLD ပါတီ ထမ်းဆောင်ခွင့် ရတော့မည်ဖြစ်ပြီး ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသားများ လိုလားကာ တိုင်းရင်းသားတို့၏  ရပိုင်ခွင့်များကို အာမခံမည့် နိုင်ငံရေး စနစ်အပေါ် အခြေခံသည့် ငြိမ်းချမ်းရေးကို ကျွန်မတို့ တည်ဆောက်တော့မည်ဖြစ်ကြောင်း” အဆိုပါ နှစ်သစ်ကူး သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အဓိက လိုအပ်ချက်မှာ အားလုံး စည်းလုံးညီညွှတ်မှု ရှိကြရန်နှင့် ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများအနက် ကရင်လူမျိုးများ၏ ညီညွတ်မှု၊ စည်းလုံးမှုကို ဖော်ပြသည့် အမှတ်သင်္ကေတတစ်ခုဖြစ်သည့် ကောက်သစ်စားခြင်းကို အထူးနှစ်သက်ကြောင်း၊ တစ်ချိန်က တိုင်းရင်းသားအားလုံး စိုက်ပျိုးခဲ့ကြသည့် ကောက်ပင်များသည် လက်ရှိအချိန်တွင် ပြည်ထောင်စုကြီး၌ ပေါ်စပြုနေပြီ ဖြစ်ကြောင်း၊  ရရှိသည့် ကောက်သစ်များကို တိုင်းရင်းသား လူမျိုးတိုင်း အတူမျှေ၀ စားသောက်ရင်း ညီညွတ်မှု၊ စည်းလုံးမှုများကို ပြသကာ ပြည်ထောင်စုကြီး၏ ထာဝရငြိမ်းချမ်းမှုကို အတူတကွ ရှာဖွေကြမည်ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် နှစ်သစ်ကူး သဝဏ်လွှာနှင့် ပတ်သက်ပြီး ကရင်အမျိုးသားပါတီ အတွင်းရေးမှူး (၁) ဖြစ်သူ ဦးမန်းမြင့်စိုးက “ဝမ်းသာပါတယ်။ တိုင်းရင်းသားတွေရဲ့ အရေး၊ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကို လေးစားတယ်၊ ချစ်ကြည်တယ်ဆိုတဲ့ သဘောကို ပြတာကို တွေ့ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ တိုင်းရင်းသား အားလုံးနဲ့ ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ အဓိကက စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ကို မူဝါဒ ချမှတ်သွားဖို့ လိုပါတယ်။ ဖက်ဒရယ် စနစ်ကို စစ်စစ်မှန်မှန်နဲ့ ကျင့်သုံးသွားနိုင်မယ် ဆိုရင်တော့ တိုင်းရင်းသား အားလုံးနဲ့ အဆင်ပြေပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း တကယ်ရသွားမှာပါ” ဟု ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ  ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အများဆုံး အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် NLD ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးတွင် ရွေးချယ်တင်မြှောက်ရမည့် ဒုတိယ သမ္မတနှစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီ ဖြစ်သည်။ ထို့အပြင် သမ္မတ ရွေးချယ် တင်မြှောက်ရာတွင် လိုအပ်သည့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်း ၆၅၇ ဦး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြစ်သည့် ၃၂၉ နေရာ ကိုလည်း ကျော်လွန်စွာ ရရှိထားပြီ ဖြစ်သဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ပြီ ဖြစ်သည်။

Most Read

Most Recent