အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များ သုံးနှစ်စာ ဆောင်ရွက်ရန် ဒေါ်လာ ၂၁ သန်းခန့် ကုန်ကျမည်ဖြစ်၍ ပြည်ပအလှူရှင် အဖွဲ့အစည်းများနှင့် ဆွေးနွေး

အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များ သုံးနှစ်စာ ဆောင်ရွက်ရန် ဒေါ်လာ ၂၁ သန်းခန့် ကုန်ကျမည်ဖြစ်၍ ပြည်ပအလှူရှင် အဖွဲ့အစည်းများနှင့် ဆွေးနွေး
Published 8 January 2016
အောင်ဇော်ထွန်း

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ တတိယအကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ရာ ပြည်နယ် ခုနစ်ခုတွင် အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များ သုံးနှစ်စာ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၂၁ သန်းခန့် ကုန်ကျမည်ဟု တွက်ချက်ခဲ့ကြောင်း၊ ထို့နောက် ပြည်ပအလှူရှင် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အစည်းအဝေး အပြီးတွင် JMC-U တာဝန်ရှိသူများ၏ ရှင်းပြချက်အရ သိရသည်။JMC-U အတွင်းရေးမှူး (၂) ဖြစ်သူ အစိုးရ တပ်မတော်မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “ဆွေးနွေးဖြစ်တာက JMC မှာ ဝန်ထမ်းတွေ ခန့်အပ်ဖို့ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ ခန့်အပ်ဖို့အတွက် ဝန်ထမ်းဦးရေ ပုံစံချပါတယ်။ ပြီးတော့ အဲဒီအတွက် ဘတ်ဂျက် တွက်ပါတယ်။ နောက်တစ်ခါ ရှမ်းပြည်နယ်မှာ JMC(S) ပေါ့ တိုင်းဒေသကြီး ပြည်နယ်အဆင့် ဖွဲ့ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ ဒီဘတ်ဂျက်ကတော့ အကြမ်းဖျင်း တွက်ချက်တာ ဖြစ်ပါတယ်။ အားလုံး ညှိနှိုင်းတွက်ချက်တဲ့အခါ သုံးနှစ်စာ ဘတ်ဂျက်ကတော့ ဒေါ်လာ ၂၁ သန်းနီးပါး ကုန်ကျမယ့် အနေအထားမျိုးလေးတော့ တွက်ချက်မှု ရှိပါတယ်” ဟု ပြောကြားသည်။အလှူရှင် အဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့မှုနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “အထူးသဖြင့်ကတော့ ကုလသမဂ္ဂ အပါအဝင် ကျန်တဲ့နိုင်ငံခြားက အဖွဲ့အစည်းတွေပါတယ်။ သူတို့လည်း ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးတဲ့ အခါမှာလည်းပဲ သူတို့လည်း သဘောကျတဲ့ အနေအထား ရှိပါတယ်။ ဒါက နောက်ပိုင်းကျတော့မှ ပြောလို့ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။    ထိုသို့ ဆွေးနွေးရာတွင် ကုလသမဂ္ဂ အပါအဝင် ပြည်ပအလှူရှင် အဖွဲ့အစည်းသီးသီးမှ ပုဂ္ဂိုလ်သုံးဆယ်ခန့်ရှိကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးက ပြောကြားသည်။၎င်းက “ဒီနေ့ကတော့ ပထမဆုံး ဘတ်ဂျက်ကို အတည်ပြုတာ ရှိသေးတာပေါ့။ ပထမဆုံး အနေနဲ့ ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိတဲ့ အလှူရှင်တွေကို အကုန်လုံးခေါ်ပြီးတော့ ကျွန်တော်တို့မှာ ဒီလို လိုအပ်ချက်တွေ ရှိပါတယ်ဆိုတဲ့ တင်ပြချက်ပဲ ရှိပါတယ်။ နောက်ကူညီဖို့ စိတ်ဝင်စားတဲ့ အလှူရှင်တွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ အားလုံးသိတဲ့ အတိုင်းပဲ အစိုးရဘက်က သတင်းရတာတော့ ငြိမ်းချမ်းရေးအတွက် ဆိုပြီးတော့မှ နိုင်ငံတော် ဘတ်ဂျက်ထဲမှာ ထည့်ဖို့တော့ ထည့်ထားတယ်ပေါ့။ ဒါပေမဲ့ လာမယ့် လွှတ်တော်ကနေ အတည်ပြု မပြု ဆိုတာကတော့ ပြုမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဘယ်ကနေပဲ မလာသည့်တိုင်အောင် ကျွန်တော်တို့ JMC ကတော့ လုပ်ကိုလုပ်ရမှာပေါ့။ ကိုယ့်အရင်းအမြစ်နဲ့ ကိုယ်လုပ်ရလိမ့်မယ်။ တကယ့် ငြိမ်းချမ်းရေးကို ကျွန်တော်တို့ ဖြစ်စေချင်တယ်။ တကယ့် ပစ်ခတ်တိုက်ခိုက်မှု တကယ်ရပ်စဲချင်တယ်ဆိုရင် ကျွန်တော်တို့ဟာနဲ့ ကျွန်တော်တို့လည်းပဲ လုပ်ရမှာပဲ” ဟု ပြောကြားသည်။လက်ရှိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်များကို Myanmar Peace Center နှင့် အစိုးရ တပ်မတော်တို့၏ အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။အစိုးရ၊ လွှတ်တော်၊ တပ်မတော် အရာရှိများနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် အရပ်သားများ ပါဝင်သော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဖွဲ့စည်းထားရာ အစိုးရတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကရင်အမျိုးသား အစည်းအရုံး (ုKNU) မှ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ်လည်းကောင်း၊ အရပ်သား ကိုယ်စားလှယ် ဦးပြည့်စုံက ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ်လည်းကောင်း တာဝန်ယူထားကြောင်း သိရသည်။

Most Read

Most Recent