၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းအား ဇန်နဝါရီ ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တင်သွင်းခဲ့သည်။
ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် လယ်ယာထုတ်ကုန်များကို ဆင့်တိုးတန်ဖိုး မြှင့်တင်ထုတ်လုပ်နိုင်ရန်၊ စက်မှုကဏ္ဍအတွက် လိုအပ်သော ကုန်ကြမ်းသွင်းအားစုများ ဖြစ်ပေါ်စေရန်၊ လယ်ယာကဏ္ဍအား ခေတ်မီစက်မှုလယ်ယာသို့ ကူးပြောင်းရန်၊ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရန်များ ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။
ပထမကာလတို ငါးနှစ်စီမံကိန်း ကာလနောက်ပိုင်း၏ စီမံကိန်းနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုအား ဒုတိယကာလတို ငါးနှစ်စီမံကိန်း ကာလတွင် နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်း အကြားအထိ လျော့ကျအောင် ထိန်းချုပ်နိုင်ရေးနှင့် ကုန်သွယ်မှု လိုငွေပြမှုအား ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း စီမံကိန်းမူကြမ်းတွင် ဖော်ပြထားသည်။
ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ကုန်သွယ်မှု လိုငွေပြမှု လျှော့ချရေးအတွက် ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှု စံနှုန်းမြင့်မားရေး၊ မရှိမဖြစ် သွင်းကုန်များမှလွဲ၍ ကျန်သောဇိမ်ခံ ကုန်စည်နှင့် သွင်းကုန်များအား စိစစ်ရေး ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်ရေးအား စိစစ်ရန်၊ နိုင်ငံခြား ငွေကြေးထိန်းချုပ်မှု ထိရောက်ထက်မြက်စေရန်၊ ပို့ကုန်မှ ရငွေများ နိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်း ရှိ မရှိ စိစစ်ရန်၊ ပြည်တွင်း ကုမ္ပဏီများ ဖောင်းပွနေခြင်းအား စိစစ်ရန် လိုအပ်ကြောင်း စီမံကိန်း မူကြမ်းတွင် ဖော်ပြထားသည်။
စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာစေရန်အတွက် အစိုးရ၏ ရငွေများ ထိရောက်စွာ တိုးတက်လာစေမည့် အခွန်စနစ် ပြုပြင်ပြောင်းလဲနိုင်ခြင်း၊ အခွန်လေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အခွန်စည်းကြပ်ခြင်း၏ အခြေခံမူများကို အပြည့်အ၀ လိုက်နာဆောင်ရွက်နိုင်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းပပျောက်စေခြင်း၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ စွမ်းဆောင်ရည် တိုးမြှင့်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် အထူးစီးပွားရေးဇုန် စီမံကိန်းများ အရှိန်ရစေရန် ဆက်လက် အကောင်အထည်ဖော်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပျမ်းမျှအမေရိကန်ဒေါ်လာ ကိုးဘီလျံနှုန်းဖြင့် စီးဝင်လာစေရန် ဆွဲဆောင်ခြင်းများ ပြုလုပ်နိုင်ရန် လိုအပ်ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်း မူကြမ်းတွင် ဖော်ပြထားသည်။
ထို့အပြင် ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် စီးပွားရေး တိုးတက်မှု ၈ ဒသမ ၁ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းကာ နိုင်ငံပိုင် အခန်းဘဏ္ဍာငွေ ရရှိရာ အရင်းအမြစ်များ တိုးတက်လာစေရန် ကြိုးပမ်းခြင်း၊ အချို့အသုံးစရိတ်များအား စိစစ်ခြင်း၊ ထိန်းကျောင်းခြင်း၊ လူမှုစီးပွားဆိုင်ရာ အခြေခံ အဆောက်အအုံများ ထူထောင်ရေးနှင့် တိုးတက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခြင်းကြောင့် တိုင်းပြည်၏ ငွေချေးယူမှု ပမာဏသည် တဖြည်းဖြည်း မြင့်မားလာကြောင်း၊ ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီ ပမာဏနှင့် တိုင်းပြည်စီးပွားရေး တိုးတက်မှု အလားအလာကို ကြွေးမြီခံနိုင်အားဖြင့် စဉ်ဆက်မပြတ် ထိန်းညှိရန် လိုအပ်ကြောင်း စီမံကိန်းမူကြမ်းတွင် ဖော်ပြထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ဘတ်ဂျက်ခွဲဝေမှု တိုးပေးခြင်း၊ အကူအညီ အထောက်အပံ့နှင့် ချေးငွေများကို အမှန်တကယ် လိုအပ်သော ဒေသများသို့ ထိရောက်မှန်ကန်စွာ ရောက်ရှိစေခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကို ဖြေလျှော့ခြင်း၊ အခွန်အကောက် နှုန်းထားများကို ကာလအပိုင်းအခြားဖြင့် ပြင်ဆင်သတ်မှတ်ခြင်း၊ အခွင့်အရေးနှင့် မက်လုံးပေးခြင်း၊ အခြေခံ အဆောက်အအုံများ ထူထောင်ပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း စီမံကိန်းမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း မူကြမ်းအား လွှတ်တော်သို့ တင်သွင်း















