ကျွန်တော့်ဘကြီး ခွတီးခွကျလူ

ကျွန်တော့်ဘကြီး ခွတီးခွကျလူ
Published 8 January 2016
မောင်စံပေါ

(၁)ဘကြီးအကြောင်း ပြောရမယ်ဆိုရင် တစ်ထောင့်တစ်ည ပုံပြင်တွေ ရှုံးသွားမယ်။ တစ်ထောင့်တစ်ညပုံပြင်လို့ ဆိုရင် ဒီခေတ် ကလေးတွေ နားလည်ချင်မှ နားလည်မယ်။ တချို့က ကိုရီးယား ဇာတ်လမ်းတွဲ တစ်ထောင့်တစ်ညပုံပြင် ထင်ချင်ထင်မယ်။ ဒါလည်း လက်မခံနိုင်စရာ မရှိပါဘူး။ ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်က ရိုက်ခတ်သမျှတွေသာ စိတ်မှာ အရိပ်ထင်စွဲ နားလည်မှတ်မိစမြဲပေကိုး။ ကိုယ်ကျင်လည် တွေ့ကြုံခဲ့သမျှ အားလုံးကို နားလည်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ကိုယ်ဖြတ်သန်းခဲ့သမျှ အားလုံးကို မှတ်မိနေဖို့ ဆိုတာလည်း အင်မတန်မှ ခက်ခဲရုံမက ပါရမီရှင်ကြီးများသာ စွမ်းနိုင်တဲ့ ကိစ္စလို့ ဆိုပါမယ်။(၂)တကယ် ဖြစ်သင့်တာက ဘကြီးနဲ့ ပတ်သက်လို့ မှတ်မိသမျှ ချရေး၊ ဇာတ်ညွှန်းဆရာပဂေးကြီး တစ်ယောက်လောက်ဆီမှာ အပ်၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ရိုက်ရမှာ။ အခုက ကျွန်တော့်မှာ စာရိုက်ရတာ လက်မသွက်။ ချရေးပြန်တော့ စာစီစာရိုက် မမတွေက ဖတ်မရ။ သူတို့ ထင်ရာမြင်ရာကို ထင်သလို ရိုက်ချလိုက်တော့ ဖတ်ရ ထောက်ပြရ ပြင်ရတာက မူလ စာတစ်ပုဒ်ထက် ပိုများ။ စိတ်မရှည်နိုင်အားတဲ့ အခြေမှာ လက်ချောင်းလေးတွေ ကျိန်စာသင့်ပါတော့တယ်။ လက်နာလည်း အောင့်အည်းသည်းခံပြီး တစ်ချောင်းချင်း တစ်လုံးချင်း ရိုက်ရပါတော့တယ်။(၃)လူတွေများ ပြောပါတယ်။ စတာက ဘကြီးတဲ့။ ခရီး နည်းနည်း ရောက်လာတာတောင်မှ ဘကြီးကဏ္ဍ ဘာမှ မရှိသေး။ နာမည်ကြီး မင်းသမီးလေးသာဆို ဒီဇာတ်ကို လက်ခံမှာ မဟုတ်ဘူး။ ထားပါတော့ဗျာ။ တူဝရီး ဖြစ်တာက တစ်ကြောင်း၊ ဒီစာ အမြည်းနဲ့ ပေါက်ပြီး နိုင်ငံကျော်လို့ ကိုရီးယား ဇာတ်လမ်းတွဲတွေလို လာအပ်မယ့်လူတွေ ပေါ်မလာနိုင်ဘူးလို့ မပြောနိုင်တာ တစ်ကြောင်းမို့ ဘကြီး သည်းခံနေမှာပါ။(၄)အမှန်မှာ ဘကြီးက ဒေါသကုမ္မာရ။ စိတ်က လက်တစ်ဆစ်ရယ်။ ရွာဦးကျောင်း ဘုန်းကြီးကတော့ ဘကြီးကို တရားဟောပါတယ်။ပြောပြပါဦးမယ်။ ရွာဦးကိုယ်တော် အကြောင်း။ သူက တက္ကသိုလ်က ဆရာလေး။ အသည်းကွဲပြီး ဘုန်းကြီး ဝတ်ရာကနေ ပျော်ပိုက်ပြီး လူမထွက်တော့သူ။ လူထွက်မယ် ဆိုရင် သမီးနဲ့ ပေးစားပြီး အိမ်ဦးခန်းတင် ကျွေးမွေးထားမယ်လို့ ဘကြီးက ပြောခဲ့တာ။ ဦးဇင်းလေး ခမျာလည်း အပေါက်ဆိုးဆိုး ဇောက်ထိုးမိုးပြန် ဘကြီးကို ယောက္ခမ တော်ရမှာ ကြောက်လို့လား။ ကျွန်တော့်အစ်မ ဝမ်းကွဲ စွာလန်ကြဲကို မယူရဲလို့လားတော့ မသိပါဘူး။ ဝတ်ကြောင်ကို ကြောက်လို့ စွန့်ခဲ့တာ၊ ချီးတွင်းထဲကို ဒီတစ်သက် ပြန်မဆင်းတော့ဘူးဆိုပြီး တရားချည်း အားထုတ်ခဲ့တာကလား။“ဒကာကြီး၊ အသက်နဲ့ ဒေါသကို ပြောင်းပြန်အချိုးချ။ အသက်နဲ့ အသိကို တိုက်ရိုက် အချိုးချ။ ဒါမှ လူဖြစ်ရကျိုး နပ်ပေမပေါ့”(၅)“လူဖြစ်ရကျိုး နပ်ဖို့ဆိုတာ ဗဟုသုတ ရှိမှကွ။ ကိုယ့်အိမ် ကိုယ့်ရွာ ကျဉ်းကျဉ်းလေးထဲမှာပဲ နေနေပြီး ဘယ်မှ မသွားရင် ဘာသိမှာလဲ။ ကိုယ့်ရွာကလေးကို တစ်ကမ္ဘာ ထင်နေတော့မှာပေါ့”ဘကြီးက သူပြောသလို တကယ်လည်း လုပ်တယ်။ အချိန်ရသလို အခွင့်အရေး ပေးသလို အနားက မြို့ကလေးကအစ ရန်ကုန်မြို့ကြီးအထိ ရောက်အောင်သွားတယ်။ ဘကြီး ခရီးက ပြန်လာပြီဆိုရင် သူ့အိမ်မှာ တစ်ပတ် ခုနစ်ရက်လောက်တော့ လူစည်စမြဲ။ အမှတ်တရ ဝယ်လာသမျှလေးတွေ လက်ဆောင်ပေး၊ ပါလာတဲ့ မုန့်တွေ ချကျွေးနဲ့ပေါ့။ အဲ သူပြောပြတဲ့ ခရီး အတွေ့အကြုံတွေလည်း နားထောင်ရသပေါ့။(၆)ကြာလာတော့ မြန်မာပြည်ဟာ ဘကြီးအတွက် ကျဉ်းလာတယ်။ နိုင်ငံခြားသွားဖို့ နိုင်ငံကူးလက်မှတ် ရရေးက မလွယ်၊ ဗီဇာ လျှောက်ရတာ ခက်တဲ့ခေတ်မှာ ဘကြီးရဲ့ မကျေနပ်မှု ရေချိန်မြင့်တက်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်ကပေါ့။“ဘာရယ်ကွ။ ဒေသန္တရ ဗဟုသုတရအောင် နိုင်ငံခြားလေးဘာလေး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သွားမှာများကွာ။ သူတို့အပူ ဘာပါတာ ကျနေတာပဲ။ ငါ့လခွမ်းတယ်မှ၊ သွားခွင့်ပြုတာ တစ်နိုင်ငံတည်းရယ်လို့ကွာ။ ကြားမကြားဖူးပါဘူး”နိုင်ငံကူးလက်မှတ် စာအုပ်ထဲမှာ Good for travel to Thailand only ဆိုရေးထားတဲ့ စာကို ဖတ်ပြီး ဘကြီး ဒေါသထွက်တယ်။(၇)“ဘာဖြစ်လဲ ဘကြီးရယ်။ ထိုင်းဆိုလည်း ထိုင်းပေါ့။ မြဘုရား သွားဖူးပေါ့”တူ၊ တူမတွေက ဝိုင်းမြှောက်ပေးကြတယ်။ ကံအားလျော်စွာ ရွာက ဆရာလေးရဲ့ ဦးလေး တစ်ယောက်ကလည်း အဖော်ရှိရင် သွားချင်တယ်ဆိုတော့ နှစ်ယောက်သား ချီတက်သွားကြပါရော။ ဆရာလေးက ရန်ကုန် လေဆိပ်ကို လိုက်ပို့ရင်း ဘကြီးတို့ နှစ်ယောက်ကို နောက်တယ်။“ဦးလေးတို့ နှစ်ယောက်နော်။ ဘန်ကောက်ရောက်ပြီး မြဘုရားဖူးလိုက်၊ ချောက်ဖရားဖူးလိုက်နဲ့ချည်း လုပ်မနေနဲ့။ အယုဒ္ဓယလည်း ရောက်ဖူးအောင် သွားခဲ့ကြဦး”ချောက်ဖရားဆိုတာ ထိုင်းနိုင်ငံက ထင်ရှားတဲ့ မြစ်။ အဲဒီအချိန်က ချောက်ဖရား နာမည်တပ်ထားတဲ့ ဇိမ်ခံရေချိုးခန်းကြီးတွေက ဘန်ကောက်မှာ ကမ္ဘာကျော်ခဲ့တယ်။ ရေမချိုးဖူးရင် ဘန်ကောက် မရောက်ဖူးသေးဘူးတောင် ဆိုကြတာကိုးဗျာ။(၈)အဲဒီ ခရီးက ပြန်လာပြီးတဲ့နောက် ဘကြီးမှာ ပြောစရာစကားတွေ အတော်များလာတယ်။ နဂိုကမှ တုတ်ထိုးအိုးပေါက် မထောက်မညှာ ပြောတတ်တာကလား။ အခုကျတော့ နိုင်ငံခြားလေး တစ်ခေါက်သွားပြီး ပြန်လာတာ၊ မကျေနပ်တာ ပိုများပြီး ဂွကျကျ ပိုဖြစ်လာတယ်တဲ့။ ကျွန်တော့်ကြီးတော် ကိုယ်တိုင် ပြောတာ။ တူတွေက ဝိုင်းမြှောက်ပေးတယ်။ နိုင်ငံကူး လက်မှတ်မှာ နိုင်ငံထပ်တိုးပြီး တခြားနိုင်ငံတွေပါ သွားပါလားတဲ့။“သွားခွင့်ပြုတဲ့ နိုင်ငံအရေအတွက်က မယားငယ် ဈေးဖိုးပေးသလိုမျိုး လုပ်ထားတာကွာ။ တောင်းမနေတော့ပါဘူး။ ပြောရဆိုရ လျှောက်ရပြုရ ဇယားရှုပ်ပါတယ်။ ထိုင်းတစ်နိုင်ငံ ရောက်ဖူးတာ တော်ရောပေါ့”ဘကြီး စိတ်လျှော့ခဲ့တယ်။(၉)ပြောတော့သာ စိတ်လျှော့တာ။ အမှန်မှာ သွားချင်တာပေါ့။ ကိုယ့်အမျိုးအကြောင်း ကိုယ်သိတာပေါ့ဗျာ။ နိုင်ငံကူး လက်မှတ်မှာ လိုချင်တဲ့နိုင်ငံ ပါဖို့အရေး မျက်နှာချိုသွေးရ၊ လက်ဆောင်ပေးရ၊ စာရွက်စာတမ်းအတု လုပ်ရတဲ့ ဒုက္ခတွေကို ကြိုမြင်နေတာကိုး။ ဒီတော့ ခဏ စိတ်လျှော့ခဲ့တာ။ဟော အခုနောက်ပိုင်း နိုင်ငံကူးလက်မှတ်တွေ လွယ်လာပြီး နိုင်ငံအားလုံးကို ခွင့်ပြုပေးထားတော့ မြေအဆုံး မိုးအနှံ့ ခရီးဆန့်ချင်ရင်တောင် ရပြီဆိုတော့ ဘကြီးရဲ့ နိုင်ငံခြားခရီး ရောဂါ ပြန်ထလာပါရော။ ကြီးတော်က ဗုဒ္ဓဂယာ သွားချင်တယ်။ ဘကြီးက မလိုက်ဘူး။“အလကား လူကြားကောင်းအောင် ဘုရားရှိခိုးကြ၊ ဘုရားတည်ကြ၊ လှူကြနဲ့။ စိတ်ကမှ မဟုတ်တာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဘုရား ဘုရား ဆိုပြီး ဘုရားစကားမှ နားမထောင်တာကွာ။ ဦးဖိုးကျားရေးတဲ့ ဘုရားဖူးသွားခြင်း ပေးဖတ်ရမှာကွ”    (၁၀)ပြောလည်းပြော ပြတ်လည်းပြတ်တဲ့ ဘကြီး စင်ကာပူခရီး ရွေးခဲ့တယ်။ မလေး ဝင်လည်တယ်။ အင်ဒို ခဏ ကူးသွားတယ်။ ဒီလိုတွေသာ သွားတာ ကုန်မှာကျမှာကိုတော့ စိစစ်တယ်။ မသွားခင်ကတည်းက ဈေးအသက်သာဆုံး လေယာဉ် စုံစမ်းပြီး ကြိုဝယ်တယ်။ အကုန်အကျနည်းမယ့် တည်းခိုစရာနေရာ ရှာဖွေတည်းတယ်။ အစားအသောက်ကို ဗိုက်ပြည့်ဖို့ အဓိကထားပြီး ပေါတာစားတယ်။“ဟ- ငါက မင်းတို့ကြီးတော်နဲ့ရပြီး ကျိုက်ထီးရိုးဘုရား သွားဖူးတာတောင် ဆန်အိတ်ထမ်းပြီး တက်ခဲ့တဲ့ကောင်ကွ။ ထမင်းဆိုင်မှာ ချက်ခပေးပြီး ပါသွားတဲ့ အခြောက်အခြမ်းလေးတွေနဲ့ ထမင်းစားကြတာ။ ငါတို့ အစားကြီးပုံနဲ့ ဝယ်စားရရင် မွဲရချည်ရဲ့ကွာ”(၁၁)နိုင်ငံခြားက ဆိုင်တွေမှာ ချက်ခိုင်းလို့ မရတော့ ရောင်းတာ ဝယ်စားရတာပေါ့။ စားသောက်ဆိုင်တွေ သန့်ရှင်းတာကို ဘကြီး သဘောကျတယ်။ စည်းကမ်း ရှိကြတာကို ချီးမွမ်းတယ်။တန်းစီကြတာကိုက အဆင့်အတန်းကို ပြတာကွ။ ဖြတ်တိုးတာတွေ၊ ကျော်ခွတာတွေက နိုင်ငံကြီးသား မပီသကြောင်း ပြောနေတာ။ အမှိုက်ပစ်တာ၊ ကွမ်းတံတွေး ပစ်စလက်ခတ် ထွေးတာတွေက ငါတို့ မယဉ်ကျေးသေးကြောင်း ကိုယ့်ဖင်ကိုယ် လှန်ပြနေတာ မောင်”ခရီးက ပြန်လာပြီး တစ်လကိုးသီတင်းလောက် ဘကြီးမှာ ပြောစရာ မကုန်နိုင်ဘူး။ ရွာနီးချုပ်စပ်က လာသမျှ ကျွေးမွေးဧည့်ခံပြီး ရေတွင်း၀ တရားဟောတော့တာ။“နည်းနည်းလေးဖြစ်ဖြစ် အသိဝင်ပြီး အမှန်မြင်ကြ ကြိုးစားကြစေချင်လို့ကွ။ ငါ ပြောပြနေတာ ငါရောက်ဖူးတယ်ဆိုပြီး ကြွားနေတာ မဟုတ်ဘူး။ ဝါးလုံးခေါင်းထဲ လသာ ထင်ရာလျှောက်ပြောတာ ယုံရင်းနဲ့ ဘဝတွေ ဆက်မနိမ့်ကျစေချင်လို့ဟေ့”(၁၂)တူ တစ်ယောက်က ဝေဖန်တယ်။“ဘကြီးက တစ်မျိုးကြီးပဲဗျ။ နိုင်ငံခြားက ပြန်လာတော့ ချောကလက်လေးတောင် မပါဘူး။ ရွာမှာကျတော့ ကျွေးတယ်”တူမ တစ်ယောက်က စောဒကတက်တယ်။“အညာက ဘုရားတွေဖူးပြီး ပြန်လာတော့ အညာစောင်တွေရော၊ ဖျင်တွေရော ပုံလို့။ အင်ဒိုက ပြန်လာတာ တူမတွေဖို့ ပါတိတ်လေးတောင် မပါဘူး”အမှန်က စိတ်ထဲပါလို့ ပြောကြ စောဒကတက်ကြတာ မဟုတ်ပါဘူး။ သူတို့ ဘကြီးအကြောင်း သူတို့သိတာပေါ့။“ဟိုနိုင်ငံတွေက ငါတို့ထက် ချမ်းသာကြသဟ။ ငါ့မှာ သွားချင်လို့ ရောက်ဖူးချင်လို့သာ ချွေချွေတာတာနဲ့ သွားခဲ့ရတာ။ ဒါတောင်မှ ကိုယ့်တိုင်းပြည်က ပိုက်ဆံတချို့ အပြင်ထွက်သွားတာ။ အဲဒါ ငါက သူဌေးကြေးပံ့ပြီး သူတို့ ပစ္စည်းတွေ ဝယ်ရဦးမှာလား။ အားပေးရဦးမှာလား။ အညာက အပြန်ဝယ်တာက ငါကြည်ဖြူလို့ ဝယ်တာ။ ငါတို့ပိုက်ဆံတွေ ငါတို့ပြည်ထဲမှာ လည်နေပြီး လိုတဲ့နေရာမှာ အသုံးဝင်နေမှာမို့လို့ ဝယ်တာ။ အဲဒါ ဘာဖြစ်လဲ”ဘကြီးစကားတွေ အရှည်ကြီးဖြေပြီး ရေနွေးကြမ်း တစ်ခွက်ကို ခွပ်ကနဲ ကောက်သောက်တယ်။ တူတွေ၊ တူမတွေကသူတို့ ဘကြီးကို ဝိုင်းစပြီး ပြုံးလို့။ ဘကြီးက ခွတီးခွကျ ဆိုပေမယ့် သူပြောတာတွေကတော့ ဟုတ်နေတာ။ စာရေးဆရာပေါက်စ တူတော်မောင်က နာမည်တပ်တယ်။ ကျုပ်တို့ ရွာက ဘားနတ်ရှောတဲ့။    ။  

Most Read

Most Recent