ကြိုတင်မဲပုံးများအား မဲရုံသို့ ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်သည်ဟုဆိုကာ NLD ပါတီဝင်အမျိုးသမီးလေးဦးအား ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးက တရားစွဲဆိုသည့်အမှု ဒုတိယရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ဘောဂသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌအား ဇန်နဝါရီ ၆ ရက် က စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးမှ ကြိုတင်မဲပုံးများအား အ.ထ.က(၆) ရှိ မဲရုံသို့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြည်က ကားငှား ပို့ဆောင်ရာတွင် မဲပုံးများနှင့် NLD ပါတီဝင် မဲရုံစောင့် အမျိုးသမီးများ လိုက်ပါပြီးနောက် ဦးဝင်းကြည်အား အသိပေးခြင်းမရှိဘဲ ကားမှာ မဲရုံသို့ ထွက်ခွာသွားကြောင်း၊ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဦးမြတ်ဟိန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဦးဝင်းဌေးက မနိုင်နိုင်မော်၊ မခင်အုန်းမြင့်၊ မထက်ထက်မိုးလွင်၊ မနီလာတို့အား ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဃ) ဖြင့် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NLD ပါတီဝင် အမျိုးသမီးလေးဦး၏ ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်မင်းမင်းစိုးက “ ဒီနေ့ စစ်ဆေးခဲ့တာကတော့ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကြည်ကို စစ်တာပေါ့နော်။ လိုပြသက်သေအနေနဲ့ အစစ်ခံတာပေါ့။ သူ့ အစစ်ခံချက်ထဲမှာ ဒီကားကို သူကိုယ်တိုင် ငှားခဲ့တယ်။ ကားပေါ်မှာပါလာတဲ့ စွပ်စွဲခံရတဲ့သူတွေက ဒီကားကို မောင်းထွက်ခိုင်းတာ မဟုတ်ပါဘူးလို့ သူကိုယ်တိုင် အစစ်ခံခဲ့တယ်။ နောက်ပြီးတော့ ဒီမဲပုံးတွေကို ကြည့်တဲ့အခါမှာလည်း ခြေရာလက်ရာ ပျက်ခြင်းမရှိဘူး။ ဖွင့်ဖောက်ထားခြင်း မရှိဘူး။ ချိပ်ပိတ်ထားတဲ့အတိုင်းပဲ သူ အပ်နှံခဲ့တယ်ဆိုတာလည်း ထွက်ဆိုခဲ့တယ်။ ဒီနေ့စစ်ရတဲ့ အနေအထားမှာပေါ့နော်” ဟု ပြောကြားသည်။
တရားစွဲဆိုခံရသူ မနိုင်နိုင်မော်က “ကော်မရှင်လူကြီး ဦးဝင်းကြည်က ရုံးကနေ အ.ထ.က ၆ ကို သယ်တာ။ သူငှားလာတဲ့ ကားပေါ်ကို ကြိုတင်မဲပုံး ငါးပုံးကို တင်တယ်။ ကားပေါ်တက်မယ့်သူ လိုက်ဆိုလို့ တာဝန်ကျတဲ့အတွက် ကျွန်မတို့က လိုက်သွားတယ်။ ထ ၆ ရောက်တော့ ငါ့ မစောင့်ဘဲ ညည်းတို့ဘာလို့ သွားတာလဲဆိုပြီး ငေါက်တာပေါ့။ ကျွန်မတို့ကို။ ကျွန်မတို့က ထွက်ခိုင်းတာ မဟုတ်ဘူး။ ဦးလေးငှားထားတဲ့ ကားသမားက ထွက်သွားတာလို့ ကျွန်မတို့က ပြန်ဖြေတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးဝင်းဌေးက ကျွန်မတို့ တရားစွဲထားတာ။ မဲပုံးတွေ သယ်သွားပါတယ်ဆိုပြီးတော့” ဟု ပြောကြားသည်။
ကြိုတင်မဲပုံးများ ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်သည်ဟုဆိုကာ NLD ပါတီဝင် အမျိုးသမီးလေးဦးအား ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးက တရားစွဲသည့်အမှု ဒုတိယရုံးချိန်းတွင် ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌကို စစ်ဆေး















