ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် သီးခြားစီတွေ့ဆုံ၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ထပ်မံတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် သီးခြားစီတွေ့ဆုံ၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ထပ်မံတွေ့ဆုံ
Published 7 January 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲနှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး ထို့နောက် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် ဆက်လက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
 
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စတာတိုနီဘလဲတို့သည် ဇန်နဝါရီ ၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူ့လွှတ်တော် အဆောက်အအုံဝင်းအတွင်းတွင် တွေ့ဆုံခဲ့ကြောင်း သူရဦးရွှေမန်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်  ထုတ်ပြန်ထားပြီး အဆိုပါတွေ့ဆုံမှုမှ ဆွေးနွေးသည့် အကြောင်းအရာများကို ထုတ်ပြန်ထားခြင်း မရှိပေ။
 
“သူကတော့ ဥက္ကဋ္ဌကြီးရဲ့ မိတ်ဆွေဟောင်းပဲ။ ဟိုးတုန်းကလည်း လာခဲ့တာပဲ။ သူ့အနေနဲ့လည်း ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ပြီးသွားတဲ့အကြောင်း၊ အာဏာလွှဲပြောင်းရေးကိစ္စ ချောချောမောမော ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စ အဲဒါတွေကို ပြောတာပါ။ နိုင်ငံနဲ့ပတ်သက်လို့တော့ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးရော၊ စီးပွားရေးရော အရေးကြီးတယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။ နောက် လက်တွဲညီညီ ဆောင်ရွက်သွားဖို့ အဲဒါမျိုးတွေပြောပါတယ်” ဟု အဆိုပါတွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက The Daily Eleven သတင်းစာကို ပြောကြားသည်။
 
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သော်လည်း ကျရာတာဝန်မှ နိုင်ငံနှင့် နိုင်ငံသားအကျိုးအတွက် ဆောင်ရွက်သွားမည်ဟု ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း ဦးလှမြင့်ဦးက ဆိုသည်။
 
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို အားရကျေနပ်ကာ သဘောကျကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စတာတိုနီဘလဲက ချီးမွမ်းခဲ့သည်ဟု နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ဆက်လက် ပြောကြားသည်။
 

 
သူရဦးရွှေမန်းနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့ တွေ့ဆုံစဉ် (Photo: Office of H.E. Thura Shwe Mann Facebook)
 
ထို့နောက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မစ္စတာတိုနီဘလဲသည် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောင်သို့ သွားရောက်ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုမှ ဆွေးနွေးသည့် အကြောင်းအရာများကို NLD မှ သတင်း ထုတ်ပြန်ခြင်းမရှိပေ။
 
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့သည် ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ပြုလုပ်ပြီး မိနစ်အနည်းငယ်ခန့် အကြာတွင် လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း၏ ရုံးခန်းတွင် ဆက်လက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
 
ဇန်နဝါရီ ၇ရက် မွန်းလွဲ ၂ နာရီခန့်မှ စတင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဦးဆောင်ကာ အစည်းအဝေးအစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။
 
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းတွင် ရွေးကောက်ပွဲအနိုင်ရ ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအရ နိုဝင်ဘာ ၁၉ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါ တွေ့ဆုံမှုမှ လွှတ်တော်များဖွဲ့စည်းရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပါ အလေးအနက်ထား ရှေးရှုဆောင်ရွက်ရန်၊ ဒုတိယအကြိမ် လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေရန် အပါအဝင် အချက်ငါးချက်တို့ကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း ပူးတွဲကြေညာခဲ့သည်။
 
လက်ရှိ ကျင်းပနေဆဲဖြစ်သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်က ကြေညာထားသည်။
 

Most Read

Most Recent