ကျော်ပုံနှိပ်တိုက်မှ အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် အမှုနှင့်ပတ်သက်ပြီး Facebook ပေါ်တွင် ပြည်သူများ အထိတ်တလန့် ဖြစ်ပွား ခဲ့ကြောင်း တရားလို ပုဇွန်တောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လတ်က ထွက်ဆိုခဲ့ သည်။အဆိုပါအမှုအား ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၇ ရက်က (၇) ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးရာ စွပ်စွဲခံရသူများ၏ ရှေ့နေက တရားလို မြို့ နယ်ရဲမှူးအား အပြန်အလှန် မေးခွန်းမေးရာတွင် ၎င်းက အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုခံထားရသော ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၏ အကျိုးဆောင် ရှေ့နေက “ယခုအမှုနှင့်စပ်လျဉ်း၍ ပြည်သူများ အထိတ်တလန့် ဖြစ်စေသည့် ကိစ္စရပ် တစ်စုံတစ်ရာ ယခုအချိန်ထိ ဖြစ်ပွားမှုရှိဟု ဆိုလျှင်” ဟု မေးမြန်းရာ တရားလိုမြို့နယ်ရဲမှူးက “Facebook ပေါ်တွင် ရှိပါသည်။ တရားခံများအား ယခုအမှုဖြင့် အရေးယူမှု မပြုပါက ပြည်သူများ အထိတ်တလန့် ဆူပူ အုံကြွမှု ဖြစ်နိုင်ပါသည်”ဟု ဖြေကြား ထွက်ဆိုခဲ့သည်။
ထို့ပြင် ပုဇွန်တောင်မြို့နယ်ရဲမှူး၏ အမှုစစ် မြို့နယ်တရားသူကြီးထံ ထွက်ဆိုချက်များတွင် “ Facebook ပေါ်တွင် အောင်ခင် ( စစ်တွေ) အကောင့်ဖြင့် ၂၀၁၆ ခုနှစ် မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ပြက္ခဒိန် ရိုက်နှိပ်ထားသော အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် ပြုရေး လှုံ့ဆော်ဖော်ပြမှု ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်းဥက္ကဋ္ဌတို့က ရွှေပြည်သာမြို့နယ် မဘသဥက္ကဋ္ဌဆရာတော်ထံ တားဆီးပေးရန် စာဖြင့် လျှောက်ထားမှုအပေါ် မဘသဆရာတော်နှင့် အတွင်းရေးမှူးတို့က ရွှေပြည်သာမြို့နယ် သာသနာရေးဦးစီးမှူးထံ ဥပဒေနှင့်အညီ အရေးယူပေးပါရန် စာပေးပို့ခဲ့ကြောင်း၊ ယင်းနောက် ပုဇွန်တောင်မြို့နယ်ရှိ ကျော်ပုံနှိပ်တိုက်အား ဝင်ရောက်ရှာဖွေရာ လူမျိုးရေး ဘာသာရေးအရ ထိခိုက်နစ်နာစေရန် အကြောင်းအရာများ ပါဝင်သော ၂၀၁၆ ခုနှစ် မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ရိုက်နှိပ်ထားသော ပြက္ခဒိန်အား သိမ်းဆည်းရမိကြောင်း” ထွက်ဆိုခဲ့သည်။
ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၊ မန်နေဂျာ ဦးရဲသူအောင်၊ အလုပ်သမားများဖြစ်သော ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး ၊ဦးဝင်းထွေးတို့ ငါးဦးကို ပြက္ခဒိန်ရိုက်နှိပ်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်ကလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ-၂၀ ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ရာ တစ်ဦးလျှင် ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ရန်၊ ပျက်ကွက်ပါက ထောင်ဒဏ်(၂) နှစ် ကျခံရမည်ဟု အမိန့်ချခဲ့ရာ ၎င်းတို့ငါးဦးစလုံး ငွေဒဏ်ပေးဆောင်ခဲ့ကြပြီး ဦးအောင်ခင်ကိုလည်း တရားစွဲဆိုရန် စီစဉ်ခဲ့သော်လည်း ထိုအချိန်ကတည်းက ထွက်ပြေးလွတ်မြောက် နေပြီး ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ယင်းနောက် နိုဝင်ဘာ ၂၄ ရက်တွင် ၎င်းတို့ငါးဦးနှင့် ဦးအောင်ခင်အား အာရဗီ ပြက္ခဒိန်ကိစ္စနှင့် ပတ်သက်ပြီး ပုဒ်မ-၅၀၅ (ခ) ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ထပ်မံတရားစွဲဆိုခဲ့သည်။
ကျော်ပုံနှိပ်တိုက်မှ အာရဗီပြက္ခဒိန် ရိုက်နှိပ်မှုနှင့်ပတ်သက်၍ Facebook ပေါ်တွင် ပြည်သူများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း တရားလို ပုဇွန်တောင်မြို့နယ်ရဲမှူး ထွက်ဆို















