ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ရက်မှ ၁၆ ရက်အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ အဆိုပါညီလာခံသို့ ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSP/UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် - NDAA (မိုင်းလားတပ်ဖွဲ့)တို့ တက်ရောက်မည် မဟုတ်ကြောင်း အဆိုပါ လက်နက်ကိုင် အဖွဲ့များ၏ တာဝန်ရှိသူများက ဇန်နဝါရီ ၇ ရက်တွင် အတည်ပြု ပြောကြားသည်။
“ဝ” နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ အထူးဖိတ်ကြားသူအဖြစ် တက်ရောက်ရန် အစိုးရ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ရန် ရှိမရှိနှင့် ပတ်သက်၍UWSP/UWSA ပြောရေးဆိုခွင့်ရှိသူ ဦးကျောက်ကော်အမ်းက “မတက်ဘူး။ အခုတက်လို့လည်း အဓိပ္ပာယ်မရှိဘူး။ အခုက ရှမ်းတောင်ပိုင်း အဖွဲ့ရယ်၊ ရွက်စစ်အဖွဲ့ရယ်၊ ပလောင်အဖွဲ့ရယ်၊ ကိုးကန့်အဖွဲ့ရယ်၊ ရခိုင်အဖွဲ့ရယ် အားလုံးက တိုက်ပွဲဖြစ်တယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့က သွားလည်းဘာမှ အဓိပ္ပာယ် မရှိဘူး။ နောက်အစိုးရ အသစ်ဖွဲ့ရင် ကျွန်တော်တို့က ဆွေးနွေးပေါ့။ ‘ဝ’ အနေနဲ့ ငြိမ်းချမ်းရေးလုပ်မယ်” ဟု ပြောကြားသည်။
မိုင်းလားအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်ကလည်း “ကျွန်တော်တို့ လမ်းကြောင်း မတူဘူးဗျာ။ ကျွန်တော်တို့က ဦးအောင်သောင်း ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် လုပ်ထားတာနဲ့ ဦးအောင်မင်းနဲ့ ပဒိုကွယ်ထူးဝင်းသူတို့ လုပ်ထားတဲ့ NCA နဲ့ တခြားလမ်းကြောင်း ဖြစ်နေတယ်။ နောက်နိုင်ငံရေး ညီလာခံ ဆွေးနွေးပွဲဆိုရင် အားလုံးပါဝင်မှပဲ ကောင်းတယ်လေ။ တိုင်းရင်းသား အဖွဲ့အစည်း တခြားနိုင်ငံရေးပါတီ အားလုံးတွေ။ သူတို့အခုလုပ်တာ ကျဉ်းမြောင်းနေတယ်။ ကျဉ်းမြောင်းနေတယ်ဆိုတော့ ကျွန်တော်တို့ အဲဒါမထောက်ခံပါဘူး။ ညီလာခံကိုလည်း မတက်ပါဘူး” ဟု ပြောကြားသည်။
ဆက်လက်၍၎င်းက “ကျွန်တော်တို့ ငြိမ်းချမ်းရေးတော့ တောက်လျှောက် လုပ်ထားတာပဲ။ ကိုယ်စားလှယ်အဖွဲ့ ဦးအောင်သောင်း ဦးဆောင်ပြီးမှာ ကျွန်တော်တို့ဆီမှာ လာချုပ်ထားတဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ချုပ်ထားပြီးပြီလေ။ ကျန်တာကတော့ ကျွန်တော်တို့နိုင်ငံရေး ဆွေးနွေးပွဲတက်ဖို့ စောင့်နေတယ်လေ။ သူတို့က ဦးအောင်မင်း NCA ပါ ပြီးမှပဲ နိုင်ငံရေးဆွေးနွေးပွဲ တက်ခွင့်ရတယ် ဆိုလို့ရှိရင်တော့ တရားမျှတမှု မရှိဘူးဗျာ။ သူ့ဟာသူ ဦးအောင်သောင်း ဆုံးသွားပြီ ဆိုလို့ရှိရင် သူတို့ထိုးထားတဲ့ လက်မှတ်က မမှန်တော့ဘူးလား။ မဟုတ်တော့ဘူးလား။ အဲဒါ ကျွန်တော်တို့ လက်မခံဘူး။ ဒါကြောင့် ဒီကိစ္စ သူတို့နဲ့ ထပ်ညှိနှိုင်းရမှာပါ။ ဘယ်လိုတက်ဖို့ ဘယ်လိုလုပ်ဖို့” ဟု ပြောကြားသည်။
‘ဝ’ နှင့် မိုင်းလား လက်နက်ကိုင် အဖွဲ့တို့ သည် ၎င်းတို့နှင့် အစိုးရအကြား အပစ်ရပ်စဲရေး ခိုင်မြဲပြီးဖြစ်၍ NCA တွင် ပါဝင်လက်မှတ် ထိုးမည်မဟုတ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲတွင်သာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း ယခင်ကတည်းက ပြောဆိုထားပြီး NCA ရရှိရေး ညှိနှိုင်းသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲများတွင် ပါဝင်ပတ်သက်မှု နည်းပါးခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ထိုးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်ရှိမည် ဆိုသည်ကို နောင်အစိုးရကလည်း ဆက်လက်ကျင့်သုံးမည်ဟု ယူဆကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားထားသည်။
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စတင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း အရေးကြီးသည့် ဆုံးဖြတ်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ‘ဝ’ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့တို့ မတက်ရောက်
Most Read
Most Recent
11 hours ago















