တောင်သူများ အနေဖြင့် တွက်ရေးကိုက်မည့် သီးနှံမစိုက်ရခြင်းနှင့် လယ်သမားများဘက်မှ တိတိကျကျ ရပ်တည်ပေးမည့် ပုဂ္ဂိုလ် အဖွဲ့အစည်း မရှိသည့်အတွက် လယ်သမားများဘက်ကသာ ခံနေရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြား

တောင်သူများ အနေဖြင့် တွက်ရေးကိုက်မည့် သီးနှံမစိုက်ရခြင်းနှင့် လယ်သမားများဘက်မှ တိတိကျကျ ရပ်တည်ပေးမည့် ပုဂ္ဂိုလ် အဖွဲ့အစည်း မရှိသည့်အတွက် လယ်သမားများဘက်ကသာ ခံနေရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 7 January 2016

တောင်သူများ အနေဖြင့် တွက်ရေးကိုက်မည့် သီးနှံမစိုက်ရခြင်းနှင့် လယ်သမားများဘက်မှ တိတိကျကျ ရပ်တည်ပေးမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း မရှိသည့်အတွက် လယ်သမားများဘက်ကသာ ခံနေရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ဦးမြင့်ထွန်းက တောင်သူလယ်သမားများ၊ ဥယျာဉ်ကိုင်းသမားများဘ၀ မြင့်မားရေးအတွက် ဈေးကွက်ညှိနှိုင်းပေးရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးနိုင်ရေး အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အဆိုအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ဦးမြင့်ထွန်းက “ကိုယ့်လယ်ယာမြေနဲ့ တွက်ရေးကိုက်မယ့် သီးနှံ မစိုက်ရတာတွေ၊ ကိုယ်တိုင် ကိုယ့်လယ်ကို မစီမံမခန့်ခွဲနိုင်တဲ့အတွက် လယ်သမားနဲ့ တောနေလူတန်းစား လက်လုပ်လက်စားတွေ ဆင်းရဲနေရတာ ဖြစ်ပါတယ်။ စက်နဲ့ စက်ပစ္စည်း ကုမ္ပဏီတွေကလည်း လယ်သမားတွေ အရစ်ကျနဲ့ ဝယ်မယ်ဆိုရင် ဈေးမြှင့်ထားတာတွေ တွေ့ရပါတယ်။ စာချုပ်ချုပ်ရင်လည်း လယ်သမားဘက်ကို ဖိနှိပ်ထားတယ်လို့ ခံစားနေကြရပါတယ်။ ကုမ္ပဏီတွေက အားသာချက်တွေ အများကြီး ယူထားတာ တွေ့ရပါတယ်။ လယ်သမားဘက်က တိတိကျကျ ရပ်တည်ပေးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း မရှိဘူး ဖြစ်နေတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘဲ ပြဿနာတွေကို လယ်သမားဘက်ကပဲ ခံရပါတယ်။ ဒါဟာလည်း နည်းဥပဒေကို အကောင်အထည်ဖော်မှု အားနည်းနေတာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။နေပြည်တော် တစ်ဝိုက်ရှိ စိုက်ကွင်းများနှင့် ကားလမ်းနံဘေး ဝဲယာရှိ လယ်ကွင်းများတွင် ကုမ္ပဏီများက စက်ကြီးများနှင့် လုပ်ပေး၍ တစ်ဧက တင်း ၁၅၀ မှ ၂၀၀ ကြား ထွက်နေမှုနှင့် ယှဉ်ကာ အမြတ်ကိုတွက်ပြီး တောင်သူများ အဆင်ပြေနေပြီဟု ထင်ပါက မှားယွင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“လယ်သမားတွေအတွက် မူဝါဒနဲ့ ညွှန်ကြားချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ လယ်သမားတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေမှာ ကိုယ်နှစ်သက်တဲ့ သီးနှံကို ကိုယ်မစိုက်ရတာတွေ၊ ကိုယ်တိုင်စီမံခန့်ခွဲမှု မပြုလုပ်ရတာတွေ ရှိနေပါတယ်။ ဥပမာ လယ်သမားက တခြားသီးနှံ စိုက်မယ်ဆိုရင် မြေစာရင်းကို လျှောက်ရတယ်။ အဲဒီမှာ မြေစာရင်းကို ဒူးထောက်ရတယ်။ ငွေကြေးအပြင် မျက်နှာငယ်နဲ့ ပြောရ၊ လာဘ်ထိုးရ၊ အပြောအဆို ခံရနဲ့ အင်မတန် စိတ်မကောင်းစရာပါ” ဟု ဦးမြင့်ထွန်းက ပြောကြားသည်။စီမံကိန်း အချို့အတွက် နှစ်စဉ် ဘတ်ဂျက်များ ဖြည့်နေရသည်မှာ နှမြောစရာကောင်းကြောင်း၊ အဆိုပါ ငွေကြေးများအား လယ်ယာကဏ္ဍတွင် ထိုက်သင့်သလို ဖြည့်ဆည်းပေးပါက အိမ်နီးချင်း နိုင်ငံများကဲ့သို့ လယ်သမားများ၏ ဘဝသည် အထိုက်အလျောက် မြင့်တက်သွားနိုင်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent