၂၀၁၅ ခုနှစ်တွင် လူကုန်ကူးခံရသူ အရေအတွက်မှာ ၆၄၀ ကျော်ရှိပြီး ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်

၂၀၁၅ ခုနှစ်တွင် လူကုန်ကူးခံရသူ အရေအတွက်မှာ ၆၄၀ ကျော်ရှိပြီး ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်
Published 7 January 2016

၂၀၁၅ ခုနှစ်တွင် လူကုန်ကူးခံရသူ အရေအတွက်မှာ ၆၄၁ ဦးရှိပြီး ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ သိရသည်။
 
ဇန်နဝါရီ ၆ ရက်က  သတင်းမီဒီယာများသို့ ထုတ်ပြန်ခဲ့သော ၂၀၁၅ ခုနှစ် လူကုန်ကူးခံရမှုအခြေအနေများအရ တရုတ်နိုင်ငံသို့သာ မြန်မာအမျိုးသမီးအများစု လူကုန်ကူးခံရနေရပြီး စုစုပေါင်း အမှု ၁၃၀ တွင် အတင်းအဓ္ဓမ လက်ထပ်မှုနှင့် ပြည့်တန်ဆာပြုမှု  ၉၅ မှုမှာ တရုတ်နိုင်ငံနှင့် ဆက်စပ်ပတ်သတ်လျက်ရှိကြောင်း သိရသည်။
 
၂၀၁၅ ခုနှစ် လူကုန်ကူးခံရသည့်အမှု အရေအတွက်မှာလည်း လွန်ခဲ့သည့် သုံးနှစ်ကထက် များပြားခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ထိန်းချုပ်ရန် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့နှင့် နှစ်စဉ် အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ယခုနှစ်အတွင်း မြန်မာအမျိုးသမီးများ အဓိက လူကုန်ကူးခံရသည့် တရုတ်နိုင်ငံတာ ဝန်ရှိသူများနှင့် မြန်မာနိုင်ငံအတွင်း ဆွေးနွေးမှုများပြုလုပ်ထားသည်။
 
ယင်းဆွေးနွေးမှုများမှာ လူကုန်ကူးမှု ဖြစ်စဉ်အပေါ် ထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိသည့်အပြင် လူကုန်ကူးမှုကျူးလွန်သူများမှာလည်း လွတ်မြောက်မှု အများအပြားရှိနေပြီး ၂၀၁၅ ခုနှစ် တစ်နှစ်တည်း၌ပင် လူကုန်ကူးမှု ကျူးလွန်သူ ၃၈၆ ဦးအနက် ၁၄၀ မှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
 
လူကုန်ကူးမှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခြင်း၊ မြင့်တက်လာခြင်းတို့မှာမှု နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေများနှင့် အများဆုံးသက်ဆိုင်နေကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ရှင်းလင်းထားချက်အရ သိရသည်။
 
စီးပွားရေကြပ်တည်းမှုများမှာ မြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှုအခြေအနေကို ပိုမိုဆိုးရွားစေသည့်အပြင် အမေဖြစ်သူမှ သမီးဖြစ်သူကို ရောင်းစားခြင်းများလည်း ဖြစ်ပွားနေပြီး တရုတ်နိုင်ငံသားများ ကိုယ်တိုင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး အမျိုးသမီးများကို လူကုန်ကူးသည့်ဖြစ်စဉ်များပါ ဖြစ်ပွားလျက်ရှိသည်။
 
ဆယ်စုနှစ်အတွင်း လူကုန်ကူးခံရသူ စာရင်းများအရ ၂၀၀၆ ခုနှစ်တွင် ၁၉၅ ဦး၊ ၂၀၀၇ ခုနှစ်တွင် ၂၇၁ ဦး၊၂၀၀၈ ခုနှစ်တွင် ၃၁၂ ဦး၊ ၂၀၀၉ ခုနှစ်တွင်  ၃၀၂ ဦးနှင့် ၂၀၁၀ ပြည့်နှစ်တွင် ၃၈၁ ဦးရှိခဲ့ကြောင်း သိရသည်။
 
၂၀၁၁ ခုနှစ်တွင်  ၂၆၅ ဦး၊၂၀၁၂  ခုနှစ် တွင် ၂၆၁ ဦး၊၂၀၁၃ ခုနှစ်တွင် ၂၅၆ ဦးနှင့် ၂၀၁၄ ခုနှစ်တွင် ၃၀၉ ဦးရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent