တမူးမြို့ အာရှလမ်းပေါ် ဈေးတန်းရပ် (၁၁)ရပ် ရွှေမြို့တော် စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် ဇန်နဝါရီလ ၆ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်ခန့်က သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
"သေဆုံးတဲ့သူက တမူးမြို့ အားကစားတိုက်တန်းမှာ ကုန်စုံဆိုင်လေး ဖွင့်ထားပါတယ် ။ ဘာကြောင့် ပစ်သွားတယ်ဆိုတာ မသိရပါဘူး ။ သေနတ်သမားက အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးသွားတယ်လို့ သိရတယ်။
မြို့ပေါ်က လူတွေကထိတ်လန့် နေတာပေါ့ ။ ဒီလိုဖြစ်စဉ်တွေက တမူးမြို့ပေါ်မှာ ခဏ ခဏ ဖြစ်တယ်" ဟု တမူးလူငယ်ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း တမူးမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။















